ကရင်နီပြည်အတွင်းက စီးပွားရေးလုပ်ငန်းတွေတည်ရှိရာ မော်ချိးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ်အဆောက်အအုံများလည်း ထိမှန်ပျက်စီးခဲ့သည်ဟု မော်ချီးဒေသခံများက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်နှင့်လာပြီး ဗုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဗုံးကြဲခံရသည့် နေရာအနီးဝန်းကျင်တွင်ရှိနေသည့် မော်ချီး ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။
မော်ချီးဒေသခံတစ်ဦးက “အပေါ်က ဒီဇယ်ကုန်းမှာ ကြဲသွားတာ သူတို့ ထိတဲ့သူတွေလည်းရှိတယ် ပြောတယ်။ အခြေအနေကတော့ အောက်ရွာ ဒီဇယ်ကုန်းဖက်မှာ သုံးလုံးလောက်ပေါ့နော် လေယာဉ်လာကြဲသွားတယ်။ ပြီးလို့ရှိရင် အထိအခိုက်တော့ အိမ်တွေဘာတွေတော့ ထိတယ်။ ပြီးလို့ရှိရင် ယောက်ကျား ၂ ယောက် ထိတယ်ပြောတယ်။ အတိအကျတော့ သေသေချာချာ မသိရသေးဘူး။ မိုးတွေလည်း အရမ်းရွာတော့ အပေါ်က မိသားစုတွေ ပြန်ဆင်းလာတော့ ပြောပြတာပေါ့” ဟု ပြောသည်။
လေယာဉ်လာကြဲပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာသောကြောင့် အခြေအနေ အသေးစိတ်ကို မသိရသေးဘူးဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီက မော်ချီးမြို့ရှိ ခဲလုပ်ကွက်တစ်ခုထဲ ပေါင် ၅၀၀ ဗုံးနှင့် လာရောက်ကြဲချခဲ့သောကြောင့် အရပ်သား ၅ ယောက် ထိမှန်သေဆုံးခဲ့သည့်အပြင် ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ မော်ချီးဒေသခံက ဆက်ပြောသည်။
“မနေ့တစ်နေ့က ကြဲတာက ဒီအခု ကျနော်တို့ နေတဲ့ အိမ်အပေါ် တစ်လုံးကျော်နားမှာပေါ့နော။ တရုတ်စက်ရုံမှာ ကြဲသွားတာ။ အဲဒီ တရုတ်စက်ရုံ အလုပ်လုပ်နေတဲ့ အချိန်မှာပဲ ကြဲတော့ တော်တော်များများလည်း ထိတယ်။ တော်တော်များများလည်း သေကြတယ်။ ငါးယောက် ခြောက်ယောက်လောက်တော့ သေတယ်ကြားတယ်။ သူ အဓိက ကြဲတဲ့နေရာတွေကတော့ တရုတ်စက်ရုံတွေပေါ့။ ဒီစက်ရုံမှာ ကြဲတာ ဆိုလို့ရှိရင် သိသလောက်ဆိုရင် တရုတ် လင်မယားပါတယ်။ တရုတ်ပဲ ငါးယောက်လောက်ပါတယ်”
ထို့အတူ ဧပြီလ ၂၄ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင်လည်း မယ်စဲ့မြို့နယ်ထဲက နေရာတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု မယ်စဲ့မြို့နယ်ထဲက ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း မော်ချီးမြို့အဝင်တွင်ရှိသည့် အမှတ် ၂ ဂိတ် အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ရှေးရှု့ပြီး ဧပြီလကုန်အထိ ယာယီ အပစ်ရပ်ထားမည်ဟု ထုတ်ပြန်ထားသည်။
ယာယီ အပစ်ရပ်မည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီသည် လေကြောင်းအပြင် ဒရုန်းသုံး ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို နိုင်ငံတဝှမ်း နေ့တိုင်းလုပ်နေပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။







