မြင်းခြံမြို့သို့ စျေးဝယ်လာသူနှင့် ကားသမားအပါအဝင် လူ ၂၀၀ ကျော် ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်

မြင်းခြံမြို့သို့ စျေးဝယ်လာသူနှင့် ကားသမားအပါအဝင် လူ ၂၀၀ ကျော် ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးတိုင်းတနေရာရှိ လမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများ ပြုလုပ်နေပုံ (ဓါတ်ပုံ-AFP)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးတိုင်းတနေရာရှိ လမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများ ပြုလုပ်နေပုံ (ဓါတ်ပုံ-AFP)

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်သို့ လာရောက်ဈေးဝယ်ယူသူများနှင့် ကားသမားများအပါအဝင် လူ ၂၀၀ ကျော် ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်နေကြောင်း သတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

“ပျောက်နေတာ ၂၀၀ ကျော်ရှိပြီ၊ အစနအန လုံးဝပျောက်သွားတာ။ ဘာကြောင့်ဖမ်းတယ် ထောက်ပို့လုပ်လို့ဖမ်းတာလား၊ PDF တွေနဲ့ အဆက်သွယ်ရှိလို့ ဖမ်းတာလားဆိုတာလည်း မသိရဘူး။ ၁၅ နှစ်သားလောက်တွေတောင်ပါတယ်။ မိန်းကလေးတွေရော၊ ၃၀ နဲ့ ၄၀ ကြား ပိုများတယ်၊ ၆၀ ဝန်းကျင်အထိပါတယ်” ဟု မြင်းခြံခရိုင် ထောက်ပို့အဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

ယခု ဖမ်းဆီးခံထားရသူစာရင်းမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလ သင်္ကြန်မတိုင်ခင် ၆ လတာကာလအတွင်း လက်လှမ်းမှီသလောက် သိထားရသည့်စာရင်းဖြစ်ပြီး ၂၀၀ ကျော်အနက် ၂၀ ဦးရေမှာ အသက်မပြည့်သေးသူများဖြစ်ပြီး အများစုမှာ လူလတ်ပိုင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“သွားဝယ်ရင်းနဲ့ ပြန်မလာတော့တာ။ တချို့ဆို ကားအစီးလိုက် ဖမ်းခံရတာလည်းရှိတယ်။ တချို့ကတော့ ကားသမားကိုမဖမ်းဘဲ ကားပေါ်မှာပါလာတဲ့သူတွေကို ဖမ်းတာရှိတယ်။ ကားတစီးထဲမှာ အတူရှိပြီး မဖမ်းဘဲ လွှတ်ပေးလိုက်သူတွေလည်းရှိတယ်။ အဲဒါကြောင့် အတူသွားဝယ်တဲ့သူဆီက ပြန်သိရတာပေါ့။ သူတို့ မသင်္ကာတဲ့သူတွေကို ဖမ်းတဲ့သဘောမျိုး။ အကြောင်းရင်းလည်းမသိရဘူး ဒလန်တို့တာလို့ပဲ ထင်တယ်။ ရဲစခန်းအချုပ်တွေမှာလည်း သွားမေးကြည့်တာ မရှိဘူး။ အခုက သီတာယုမွန် ပျူစောထီးကို ကြောက်ရတာတမျိုး၊ စစ်သားတွေကို ကြောက်ရတာတမျိုး” ဟု ဖမ်းဆီးခံရသူတဦး၏ မိသားစုဝင်က ပြောသည်။

၎င်း၏အဆိုအရ မြင်းခြံမြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင် သီတာယုမွန် လက်အောက်ခံအဖွဲ့များနှင့် ခမရ (၁၅) မှ စစ်ကောင်စီတပ်သားများက မြို့ပေါ်သို့ ဈေးဝယ်ပြီး ပြန်လာသူများ ဂိတ်ကိုဖြတ်စဉ် ဖမ်းဆီးနေခြင်းဖြစ်ကာ ကြိုးတုပ်ရိုက်နှက်ပြီး ခေါ်ဆောင်သွားလေ့ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ကားအစီးလိုက် မထင်လျင်မထင်သလို ဖမ်းဆီးပြီး အစအနပျောက်နေခြင်းကြောင့် မြို့ပေါ်သို့ ဈေးလာရောက်ဝယ်ယူသူ နည်းပါးသွားသည်ကိုတွေ့ရကြောင်း မြင်းခြံမြို့ခံများက ပြောသည်။

မြင်းခြံမြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင် ၆ လတာကာလအတွင်း ကြက်သွန်နီမှလွဲ၍ ကြက်ဥတလုံး ၃၀၀ မှ ၆၀၀ ကျပ်၊ သခွားသီးအလုံးကြီးတလုံး ၈၀၀ မှ ၃,၀၀၀ ကျပ်၊ တဲထိုးရန် အိမ်ဆောက် ဝါးလုံးတလုံး ၁,၀၀၀ မှ ၃,၅၀၀ ကျပ် စသဖြင့် ကုန်စျေးနှုန်းများစွာ မြင့်တက်သွားခဲ့ကြောင်း သိရသည်။

ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များ၏အဆိုအရ မြင်းခြံမြို့ပတ်လည်၌ ဂိတ် ၈ ဂိတ်ရှိပြီး မြင်းခြံ-မိတ္ထီလာ၊ မြင်းခြံ-တောင်သာ၊ မြင်းခြံ-နွားထိုးကြီး စသည့် မြို့အဝင်လမ်းမ မဟုတ်သည့် ကြားလမ်းများမှာပင် တရက်လျှင် ပျှမ်းမျှ ကုန်ကား၊ ထော်လာဂျီ အစီး ၂၀ မှ ၃၀ အထိ ဖြတ်သန်းသွားလာခြင်းရှိကြောင်း သိရသည်။

မြို့ပေါ်သို့စျေးဝယ်သွားရန် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများထံ စာရင်းပေး၊ ထောက်ခံစာပြုလုပ်ရပြီး လက်ရှိတွင် ကန့်သတ်ချက်များစွာဖြင့်သာ ဝယ်ယူနေရကြောင်း ကုန်သည်များက ဆိုသည်။

ဆန် ၃ အိတ်ထက်ပိုဝယ်ပါက ပစ်သတ်မည်ဟု စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီနှင့်ပျူစောထီးများက ခြိမ်းခြောက်ကြောင်းလည်း ကုန်သည်များကပြောသည်။

ကားတစီး၊ ထော်လာဂျီတစီးလျှင် ဆန်သုံးအိတ်သာ သယ်ဆောင်ခွင့်ပြုထားပြီး ဂိတ်ဖြတ်သန်းခအနေဖြင့် ဆန်တအိတ်လျှင် ၅,၀၀၀၊ ဆားတအိတ် ၅,၀၀၀ ဖြင့် ၃ အိတ်လျှင် ၁၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး စားသုံးဆီကိုလည်း ၅ ပိဿာအောက်သာ ဝယ်ယူခွင့်ရပြီး ၅ ပိဿာတပုံးကို ၅,၀၀၀ ကျပ် ကောက်ယူနေကြောင်း သိရသည်။

ထို့ပြင် အီလက်ထရောနစ်စက်ပစ္စည်း၊ လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုလာပြားများသာမက ဒီဇယ်ဆီများကိုလည်း ဝယ်ယူခွင့်ပိတ်ပင်ထားကြောင်း ဒေသခံများကဆိုသည်။

မြင်းခြံတွင် မြို့ပေါ်၌ စစ်ကောင်စီတပ်ဖွဲ့အနည်းငယ်နှင့် ပျူစောထီးအဖွဲ့ဝင် ရာချီကြီးစိုးထားပြီး ကျေးရွာများတွင်မူ ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

မြင်းခြံမြို့အခြေစိုက် ခမရ (၁၅) နှင့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စစ်ကောင်စီတပ်ဖွဲ့များသည် နယ်မြေထိစပ်ရာ တောင်သာ၊ နွားထိုးကြီးမြို့နယ်များရှိ ကျေးရွာများကိုဦးတည်ကာ နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း သိရသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...