နိုင်ငံတကာမှ ပေးအပ်သည့် လူသာချင်းစာနာမှု အကူအညီများကို စစ်ကောင်စီက ၎င်း၏အာဏာ တည်မြဲရေးအတွက်သာ အသုံးပြုနေသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ပြောဆိုလိုက်သည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီလ ၁၇ ရက်နေ့က ပြည်သူများထံသို့ နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းတွင် (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ထောက်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ လူထုထိခိုက်ခံစားရမှုကို အကြမ်းဖက် စစ်အုပ်စုက ထပ်မံ အသုံးချခွင့်ရသွားတော့ စိတ်မကောင်းစရာ ကောင်းပါတယ်။ ဒါ့အပြင် လူသားစာနာမှု အကူအညီတွေကို စစ်အုပ်စုက လက်နက်သဖွယ် ကိုင်စွဲအသုံးချ နေပါတယ်။ နိုင်ငံတကာကပေးအပ်တဲ့ လူသားစာနာမှု အကူအညီတွေဟာ လိုအပ်နေတဲ့ လူထုတွေထံ တိုက်ရိုက် ရောက်ရမှာဖြစ်ပါတယ်။ လူထုကိုဘေးဒုက္ခအန္တာရာယ်မျိုးစုံ ကျရောက်အောင်လုပ်နေတဲ့ စစ်တပ်လက်ထဲ လူသားစာနာမှု အကူအညီ အုပ်စု ကိုယ်ကျိုးအတွက် အသုံးချဖို့ ဘယ်လိုနည်းနဲ့မှ ရောက်မသွားရဘူးဆိုတာ ကျနော် ရှင်းရှင်းပဲ ပြောကြားချင်ပါတယ်”
စစ်ကောင်စီသည် ပြည်သူ့ဘဏ္ဍာဖြင့် ဝယ်ယူဖြည့်တင်းထားသည့် အရင်းအမြစ်များကို ငလျင်ဘေးဒုက္ခ ခံစားနေရသည့် ပြည်သူလူထု ကယ်ဆယ်ရေးတွင် အသုံးမပြုဘဲ လေကြောင်း တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည်ကို လူထုအနေဖြင့် ရှင်းလင်းစွာမြင်နိုင်ရန် လိုအပ်သည်ဟု ပြောသည်။
ယာယီသမ္မတ ဒူဝါလရှီးလက “တိုင်းပြည်က ငလျင်ဘေးဒဏ်ကြီးကို ကြုံတွေ့ခံစားနေရချိန်မှာ ပြည်သူအချင်းချင်း ကူညီဖေးမနေကြချိန်မှာ နိုင်ငံတကာ မိတ်ဆွေများက လူ၊ နည်းပညာနဲ့ စာနာမှု အကူအညီအထောက်အပံ့တွေနဲ့ စိတ်ရင်းဖြင့် ကူညီနေကြချိန်မှာ စစ်ကောင်စီကတော့ သူ့အာဏာတည်မြဲရေးအတွက် ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေကြရပါတယ်။ တိုင်းပြည်က ငလျင်ဘေး ဒဏ်ကြုံတွေ့ခံစား နေရချိန်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်း မရှိခဲ့ပါဘူး။ ဒါက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဒုက္ခအပေါ် ဒုက္ခ ထပ်ပေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက လူသာချင်းစာနာမှု အကူအညီများကို နိုင်ငံရေးလက်နက်သဖွယ် ချုပ်ကိုင်အသုံးချမှု မဖြစ်စေရန် အာရှနှင့် နိုင်ငံတကာကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က သတိပေး တောင်းဆိုထားသည်။
လူသားချင်းစာနာမှု အကူအညီကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမျိုး မဖြစ်စေဘဲ ဘေးဒဏ်သင့် လူထုတစ်ရပ်လုံးထံ မျှမျှတတနှင့် အလျင်အမြန် ရောက်ရှိရန် ပြည်တွင်း အဝန်းအဝိုင်းများ၊ နိုင်ငံတကာ မိတ်ဆွေများနှင့် NUG က ကြိုးစားပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။
အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငလျင်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ငလျင်ကြောင့် ပြည်တွင်းတွင် အကူအညီများစွာ လိုအပ်ခဲ့ပါတယ်။ ပြည်တွင်း/ပြည်ပ အကူအညီတွေလည်း ဖိတ်ခေါ်ခဲ့သလို ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဆဌမအကြိမ်မြောက် ဘင်းစတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်စဉ်မှာလည်း အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး မြေငလျင်နဲ့ပတ်သက်လို့ အကူအညီ တောင်းခံခဲ့ပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ ငလျင်ဒဏ်ခံဒေသတွေနဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးသွားပါမယ်။ မိဘပြည်သူများရဲ့ စုပေါင်းအားနဲ့ ဆောင်ရွက်ရင် ပုံမှန်အခြေအနေကို အမြန်ဆုံး ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
မတ်လ ၂၈ ရက်နေ့က ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်တို့တွင် လူထုထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။
လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်နေဆဲဖြစ်သည်ဟု မြေပြင်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ဆိုသည်။







