ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်

ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ မီးရှို့ခဲ့ပြီးနောက် PDF များက ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဧပြီ ၈ ရက်တွင် စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။

SittNwayOo တယ်လီဂရမ်ချန်နယ် က ဧပြီ ၈ ရက် မနက်ပိုင်းတွင် “ချောင်းဦးမြို့နယ် ငါးယှန်‌ကျေးရွာရှိ ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များကို PDF များကဧပြီ ၄ ရက် တွင် မီးရှို့ဖျက်ဆီး” ဟု ရေးသားဖြန့်ဝေထားသည်။

အဆိုပါ ရေးသားဖြန့်ဝေမှုကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၃၄၀၀ ကျော်၊ like and react ပေးသူ ၅၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်း များနေသည်။

သတင်းအမှားလင့်ခ်များ

SittNwayOo – https://archive.ph/lfWgW

Kyaw Swar – https://archive.ph/tqY5L

Ko Chit (MDY) – https://archive.ph/OqG7g

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA နှင့် Shan News တို့ ပူးပေါင်း၍ အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

သတင်းအမှားဖြစ်‌ကြောင်း သက်သေပြစိစစ်ချက်

ဝါဒဖြန့် ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ငါးယှန်ကျေးရွာ မီးရှို့ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ မြေလတ်အသံ၊ Mandalay Free Press(MFP), Mizzima သတင်းမီဒီ ယာတို့က သတင်း ရေးသားထားသည်။

မြေလတ်အသံသတင်းမီဒီယာတွင် “ငါးယှန်ရွာကို ဧပြီ ၁ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်က မီးရှို့ ခဲ့ကြောင်း၊ မြင်းမူနှင့်မုံရွာကားလမ်းပိုင်းကို လုံခြုံရေးယူရန်ထွက်လာသည့် မုံရွာအခြေစိုက် အနောက် မြောက် တိုင်းစစ်ဌာနချုပ်က အင်အား ၁၀၀ ပါစစ်ကောင်စီတပ်စစ်ကြောင်းက ငါးယှန်ရွာရှိ နေအိမ် ၁၇၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း” ရေးသားဖော်ပြထားသည်။

မြေလတ်အသံသတင်းလင့်ခ် – https://shorturl.at/1B8D1

MFP သတင်းမီဒီယာတွင် “ငါးယှန်ရွာကို စစ်တပ်မီးရှို့တာကြောင့် နေအိမ်၂၀၀ ခန့်မီးလောင်ပျက်စီး” ဟုရေးသား ဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/VfSrH

Mizzima သတင်းမီဒီယာတွင်” ချောင်းဦး မြို့နယ်ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀ ကျော်ပျက်စီးသွားကြောင်း၊ ဧပြီ ၇ ရက်မနက်မှ အဆိုပါစစ်သားများရွာထဲက ထွက်သွားကြောင်း “ ရေးသားဖော်ပြထားသည်။

သတင်းလင့်ခ် – https://shorturl.at/i8n1w

သုံးသပ်ချက်

ငါးယှန်ကျေးရွာကို ကျေးရွာအနီး လုံခြုံရေးယူထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ တပ်စစ်သားများ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၁၇၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။

သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုအရ ငါးယှန်ကျေးရွာရှိ နေအိမ်များ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ငါးယှန်ကျေးရွာ၏ တည်နေရာမြေပုံညွှန်းကိန်း (21°56’18.7″N 95°18’51.5″E) ကို NASA Fire Map ၌ မီးလောင်မှုရှိ/မရှိ စစ်ဆေးကြည့်ရာ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်တွင် မီးလောင်မှုဖြစ်ခဲ့သော အနီရောင် အစက်အမှတ်အသားအား စစ်ဆေးတွေ့ရှိရသည်။

ဝါဒဖြန့်သူများ ဖြန့်ဝေထားသော ဧပြီ ၄ ရက်တွင် မီးလောင်နေသော အမှတ်အသား မတွေ့ရပေ။

ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားသော ငါးယှန်‌ကျေးရွာရှိ ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် များကို PDF များက ဧပြီ ၄ ရက် တွင် မီးရှို့ဖျက်ဆီး ဆိုသည်မှာသတင်းအမှားအကြောင်းအရာဖြစ်သည်။

အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများစွာ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...