ငလျင်ထူထောင်ရေးအဖွဲ့အစည်းများအား စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

ငလျင်ထူထောင်ရေးအဖွဲ့အစည်းများအား စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

ရှမ်းပြည်တောင်ပိုင်းရှိ ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို စစ်ကောင်စီတပ်များက အစစ်အဆေး တင်းကြပ်နေသည်ဟု ပရဟိတအသင်းဝင်အချို့က ပြောသည်။

ငလျင်ဘေး ကူညီဆောင်ရွက်သူများကို ဖုန်း၊ တက်ပလက်၊ ကွန်ပြူတာများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး စစ်မှုထမ်းစာရင်း ပါ/မပါ စစ်ဆေးခြင်း၊ လှူဒါန်းထားသည့် ပစ္စည်းများအပေါ် ငွေကြေးတောင်းခံခြင်းများ လုပ်နေခြင်းဖြစ်သည်။

ကလောဒေသတွင်း ငလျင်ဘေး ပြန်လည်ထူထောင်ရေး ကူညီဆောင်ရွက်နေသူတစ်ဦးက “ပိုက်ဆံကတော့ ဂိတ်တိုင်း ပေးရတယ်။ အရင်ကတော့ ပင်မဂိတ်ကြီးတွေပဲ တောင်းတာ။ အခုက ဂိတ်တိုင်းမှာ တောင်းနေတာ။ ပစ္စည်းတွေ ဖောက်စစ်တယ်။ ဘာမှမပါမှန်းလည်း သိရော တောင်းတော့တာပဲ။ အလှူရှင်တွေမှာ ပစ္စည်း ပြန်ထုတ်ပိုးရတာနဲ့ နှောင့်နှေးကြန့်ကြာမှု ဖြစ်ကုန်ရော” ဟု ပြောသည်။

လက်ရှိ တောင်းရမ်းနေသည့် ဂိတ်များမှာ ပင်းတယ – ရွာငံမြို့လမ်းတစ်လျှောက်ရှိ ဂိတ်များ၊ တောင်ကြီး – အင်းလေး (အင်းလေးကန်ပတ်လမ်း အနောက်လမ်း၊ အရှေ့လမ်း) လမ်းတစ်လျှောက်ရှိ ဂိတ်များဖြစ်ပြီး အိမ်စီးကားများကိုပါ တောင်းရမ်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ပရဟိတအဖွဲ့များမှ လှူဒါန်းထားသည့် ပစ္စည်းများအား ၎င်းတို့မှ လှူဒါန်းထားသယောင် ဓါတ်ပုံရိုက်ယူခြင်း၊ ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များကြားတွင် ရောယောင်၍ ကယ်ဆယ်ရေးလုပ်နေသယောင် ဟန်ရေးပြခြင်းများလည်း ပြုလုပ်နေသည်ဟု ဆိုကြသည်။

ပရဟိတအဖွဲ့အစည်း တာဝန်ခံများအနေဖြင့် အဆိုပါလုပ်ရပ်များမှာ ၎င်းတို့အတွက် ထိခိုက်မှုမရှိသော်လည်း စစ်မှုထမ်းအတွက်ပါ တိုက်ဆိုင်စစ်ဆေးနေခြင်းကြောင့် အသက်အရွယ် အကျုံးဝင်နေသည့် လူငယ်များအနေဖြင့် သတိဝိရိယရှိကြရန် ဌာနဆိုင်ရာနှင့် နီးစပ်သည့် ဒေသတွင်း ငလျင်ဘေး ကူညီဆောင်ရွက်နေသူတစ်ဦးက တိုက်တွန်းသည်။

“တက်ပလက်စစ်တာက မြင်းကျဒိုးပြီး နောက်တစ်ဂိတ်။ ဘယ်ဖက်မှာ သူတို့ စခန်းကြီးကြီး ရှိတယ်။ အဲမှာ X-Ray လည်း ဖြတ်ရတယ်။ လူငယ်တွေဆို သေချာကို စစ်တာ။ ပေးရတာတော့ သောင်းဂဏန်းပဲ။ ဒါပေမယ့် လှူဖွယ်ပစ္စည်းပေါ် ထပ်ကောက်ရင်တော့ သိန်းဂဏန်း အသာလေးပဲ”

အလားတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ ရေဘေးကြုံခဲ့ရစဉ်သည့် အချိန်များတွင်လည်း စစ်ကောင်စီတပ်များက ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တစ်ကြောနှင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသများ၌ လှူဖွယ်ပစ္စည်းများအပေါ် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သေးသည်။

ရှမ်းပြည်တောင်ပိုင်းရှိ ကလော၊ အောင်ပန်း၊ အင်းလေး စသည့်ဒေသများတွင် ယခင်က ရေဘေးကြုံခဲ့ဖူးသည့်အပြင် ၂၀၂၅ ခုနှစ်တွင်လည်း ငလျင်ဘေးကြောင့် လူနေအိမ် ထောင်ချီ ပျက်စီးခဲ့ရသည်ဖြစ်ရာ လက်ရှိ ပြန်လည်ထူထောင်ရေးကာလအတွက် အကူအညီများ ပိုမိုလိုအပ်လျက်ရှိသည်။

April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...