ဖရူမြို့နယ်အရှေ့ခြမ်းမှာ သောက်သုံးရေအရင်းအမြစ်တွေ ခမ်းခြောက်၊ သောက်သုံးရေ အကူအညီလိုအပ်နေ

ဖရူမြို့နယ်အရှေ့ခြမ်းမှာ သောက်သုံးရေအရင်းအမြစ်တွေ ခမ်းခြောက်၊ သောက်သုံးရေ အကူအညီလိုအပ်နေ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာအချို့က ရယူသုံးစွဲနေတဲ့ သောက်သုံးရေ အရင်းအမြစ်တွေဟာ ယခု ဧပြီလအတွင်းမှာပဲ ခမ်းခြောက်သွားတာကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီရွာက ရေအရင်းအမြစ်မှာက နှစ်ပေါက်ရှိတယ်ဆိုရမလား၊ တစ်ပေါက်က အရမ်းဝေးတာပေါ့၊ တစ်ပေါက်နီးတယ် ဒါပေမယ့် ရေခမ်းသွားပြီပေါ့၊ အခုတော့ တညဆို ပုံးဝါ ပုံးသုံးဆယ်လောက်ပဲ ထွက်တော့တယ်ပေါ့၊ အခုတော့ ဘယ်လိုမှ မလောက်တော့ဘူး၊ ပုံးဝါ လေးပုံးဆို နှစ်ရက်လောက်တော့ စားရတယ်၊ မိသားစုများတဲ့ သူတွေအတွက် အရမ်းခက်ခဲ့တယ်လို့” သူက ဆိုပါတယ်။

ရေရှားပါးတာကြောင့် ချွေတာသုံးစွဲကြရတဲ့အပြင် ရှိနေတဲ့ ရေအရင်းအမြစ်ကို ဒေသခံတွေနဲ့ စစ်ရှောင်တွေ အတူတကွ အသုံးပြုနေကြရတာပါ။

အချို့ကျေးရွာတွေမှာတော့ ဝေးလံတဲ့ ရေအရင်းအမြစ်တွေဆီကို ရေသွားသယ်ယူနိုင်ဖို့ လုံခြုံရေးနဲ့ လမ်းခရီး အခက်ခဲရှိနေသလို ရေသယ်ယူရာမှာလည်း ကုန်ကျစရိတ် မြှင့်မားနေတယ်လို့လည်း ဆိုပါတယ်။

ရေလီတာ ၅၀၀၀ ခန့်ပါတဲ့ ကားတစ်စီးအတွက် ကျပ် ၂ သိန်းကျော် ပေးနေရတာပါ။

“အရင်နှစ်ဆို ဒီရွာထိ သူတို့ပို့ပေးဖို့ဆို အရမ်းဝေးတာပေါ့၊ နှစ်သိန်းတစ်သောင်းပေးတယ်၊ အခုတော့ ရေတခေါက်က ၂ သိန်း ၂ သောင်းအထိ ရှိတာပေါ့၊ ကားငှားရင်လည်း ခက်တယ်၊ အဝေးကြီးပဲဆိုတော့ ရေခပ်ဖို့လည်း အရမ်းဝေးတယ်လေ၊ မိန်းကလေးတွေအတွက် လုံခြုံရေးကလည်း ရှိနေတော့ ယောကျာ်းလေးလောက်ပဲ သွားခပ်တာပေါ့နော” လို့ ဒေသခံတစ်တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ခြမ်းက ရေရှားပါးနေတဲ့ ကျေးရွာတွေကို KTEST အရေးပေါ်ကူညီရေးအဖွဲ့ကနေ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ ရေလှူဒါန်းပေးခဲ့ပေမယ့် လိုအပ်မှုတွေ များနေသေးတယ်လို့ KTEST ရဲ့ ဥက္ကဌ မော်ဦးမြာက ပြောပါတယ်။

“အကူအညီတွေ လိုတယ်။ နေ့စဉ်ကို လိုတာ။ အခုတော့ ဘေးဒဏ်တွေက အမျိုးမျိုးဆိုတော့ သူတို့ဖက်ကလည်း လိုက်လံအကူအညီတောင်းဖို့ အားနာကြတယ်။ ကိုယ့်ထက် ဒုက္ခရောက်တဲ့သူတွေရှိတယ်ဆိုပြီး ဦးစားပေးကြတာ။ ရေလိုတဲ့နေရာတွေ အများကြီး ရှိပါသေးတယ်။ ကျမ တို့အနေနဲ့က ကိုယ်ထူကိုယ်ထဘဲ ပေးနိုင်တာဖြစ်တော့ သူတို့အတွက် များများစားစားတော့ မရဘူးပေါ့။ တကယ်ကို အများကြီး လိုအပ်နေပါသေးတယ်။ ရေက မရှိမဖြစ်ကိုး” လို့ မော်ဦးမြာက ပြောပါတယ်။

ဖရူဆိုမြို့နယ်ဟာ နှစ်စဉ် ရေရှားပါးမှုကို ကြုံတွေ့နေရတဲ့ဒေသဖြစ်ပြီး အာဏာမသိမ်းခင်ကတော့ မြို့ပေါ်တွေအထိ လိုက်လံခပ်ယူကြပေမယ့် ယခုနောက်ပိုင်းမှာတော့ လုံခြုံရေးအရ သွားရောက်လို့မရတော့သလို၊ ရေအလှူရှင်တွေကလည်း လာရောက်မှုနည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...