မုံရွာမြို့၊ ဗောဓိတထောင်မှာ ငလျင်အတွက်ကယ်ဆယ်ရေးလာတဲ့အဖွဲ့တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် ဆိုတဲ့သတင်းမှား

မုံရွာမြို့၊ ဗောဓိတထောင်မှာ ငလျင်အတွက်ကယ်ဆယ်ရေးလာတဲ့အဖွဲ့တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် ဆိုတဲ့သတင်းမှား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗောဓိတထောင်မှာ ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦးတွေရဲ့အောက်မှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ဖို့လာတဲ့ စစ်သား၊ ရဲ၊ မီးသတ်၊ ကြက်ခြေနီအဖွဲ့တွေကို မုံရွာ၊ ဆားလင်းကြီး၊ အရာတော် ဒေသကကာကွယ်ရေးတပ်တွေက တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။

ဒီသတင်းကို စစ်ကောင်စီဝါဒဖြန့် လော်ဘီချန်နယ် တခုဖြစ်တဲ့ ရွှေနေကြာချန်နယ်က ဒီကနေ့ မနက် ၄ နာရီဝန်းကျင်မှာ “ကယ်ဆယ်ရေး စစ်သား ရဲ မီးသတ် ကြက်ခြေနီ အဖွဲတွေကို မုံရွာဆားလင်းကြီး အရာတော် အကြမ်းဖက် ခွေးတိရိစ္ဆာန် pdfတွေက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး တခြား တယ်လီဂရန်ချန်နယ်တွေကလည်းပြန်လည်မျှဝေနေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။

ရွှေနေကြာ - https://archive.ph/MUqDX

Ye Yint Htet (#yyh) - https://archive.ph/IoWvS

(969)ခေတ်ဆိုးအောက်ကသူရဲကောင်းများ - https://archive.ph/rr7y3

ပျံ့နှံ့နေတဲ့ သတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ တွေးပြီးမှယုံ -TBUT Fact Check အဖွဲ့တွေကနေ ပုံရိပ်တွေကို ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုပြီး အချက်လက်စစ်ဆေးခဲ့တဲ့အခါမှာ ပျံ့နှံ့နေတဲ့သတင်းမှာပါတဲ့ ပုံတွေက ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် တိုက်ပွဲတွင်းက ပုံတွေဖြစ်တဲ့အပြင် လက်ရှိမုံရွာမှာ အခုလိုတိုက်ခိုက်တဲ့ ဖြစ်စဥ်မျိုးမရှိတာကို တွေ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက်

ဓါတ်ပုံတွေကို အချက်အလက်စစ်ဆေးချက်တွေအရ

လူသုံးယောက်ပါတဲ့ ဓါတ်ပုံဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၁၅ ရက်နေ့က ပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံဖြစ်ကြောင်းကို တွေ့ခဲ့ရပြီး “ဓာတ်ပုံ – အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)” လို့ ရေးထားတာမလို့ ပုံက ၂၀၂၄ ဧပြီမတိုင်ခင်က ပုံဖြစ်တာကိုတွေ့ရပါတယ်။

Khit Thit - https://yktnews.com/2024/04/157162/

ဒရုန်းကိုခုံပေါ်တင်ပြီး လူတဦးထိုင်နေတဲ့ပုံကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ ၁၀ရက်က ပုံဖြစ်ပြီး စစ်ကိုင်းတိုင်း၊ရေဦးမှာ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ အစည်းအဝေးလုပ်တဲ့အချိန် ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ပုံဖြစ်ပြီး  Mandalay Free Press - MFP မှာလည်း တင်ဆက်ထားပါတယ်။

Mandalay Free Press - MFP - https://rb.gy/2zkina

“မုံရွာမှာလက်တလောတိုက်ပွဲမရှိဘူးဗျ၊ တာဝါတိုင်ကုန်းသိမ်းပြီးထဲကမရှိတာ၊ တမင်နားထားတာတော့မဟုတ်ဘူး၊ စာမထုတ်ခင်ကတည်းကနားထားတာ၊ လက်ရှိတိုက်ပွဲဖြစ်နေတယ်ဆိုတာမျိုးလည်း မကြားမိဘူးဗျ”လို့ မုံရွာကဒေသခံတဦးက MFCN ကိုအခုလိုပြန်ဖြေပါတယ်။

သုံးသပ်ချက်

စစ်ကောင်စီ လော်ဘီတွေအနေနဲ့ လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ငလျင်အခင်းအကျင်းကို အသုံးချပြီး ပြည်သူတွေဆီ သတင်းမှားတွေနဲ့ အမုန်းစကားတွေဖြန့်ဝေနေတာကို တွေ့ရပါတယ်။

လက်ရှိပျံ့နှံ့နေတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေကလည်း သတင်းမှားတွေသာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ လော်ဘီတွေအနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေက တိုက်ပွဲသတင်းတွေက ပုံတွေကို အသုံးပြီး ပြန်လည်ဖြန့်ဝေနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းရွှေဘိုကို လာရောက်လှူဒါန်းတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို တော်လှန်ရေးတပ်တွေက မြင်းမူမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆို သတင်းမှားကိုလည်း MFCN ဝိုင်းတော်သားတွေက စစ်ဆေးနိုင်ခဲ့ပါသေးတယ်။

သတင်းမှားစစ်ဆေးချက်လင့် - https://shorturl.at/urXcj

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

Most read this week

December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...