ရံပုံငွေ ရရှိမှုနည်းလာ၍ ဒုက္ခသည်စခန်းများ၌ ရိက္ခာ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချမည်

ရံပုံငွေ ရရှိမှုနည်းလာ၍ ဒုက္ခသည်စခန်းများ၌ ရိက္ခာ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချမည်

အကူအညီလျော့နည်းလာသောကြောင့် ဧပြီလမှစတင်၍ ရိက္ခာများ လျော့ချမည်ဖြစ်သည်ဟု ဒုက္ခသည်များအတွက် စားနပ်ရိက္ခာအကူအညီပေးသည့် နယ်စပ်အကူညီပေးရေးညွန့်ပေါင်းအဖွဲ့ TBC (The Border Consortium) က ဆိုင်ရာဒုက္ခသည်စခန်းထံသို့ အသိပေးစာ ထုတ်ပြန်ပြောသည်။

အကူအညီအတွက်ရရှိသည့် ရံပုံငွေပြတ်တောက်ခံရမှုကြောင့် စခန်းအတွင်းရှိ ဒုက္ခသည်များကို ထောက်ပံ့သည့် အစားအသောက်အတွက် ရိက္ခာထောက်ပံ့ငွေများကိုလာမည့် ဧပြီလမှစတင်၍ ဇူလိုင်လအထိ ၄ လကြာ ထောက်ပံ့မှု လျှော့ချမည်ဖြစ်ပြီး  စခန်းတွင် မိသားစု အုပ်စု အဆင့်သတ်မှတ်ထားမှုအရ ရိက္ခာလျှော့ချမှု ကွာဟချက်များရှိကြောင်းလည်း TBC က ပြောဆိုသည်။

အဆိုပါ လျှော့ချသည့်အထဲတွင် စခန်းအတွင်းရှိ ရိက္ခာသတ်မှတ်ထားချက် အဆင့်ပေါ်မူတည်ပြီး လျှော့ချမှု ကွာခြားမည်ဖြစ်ကာ သာမာန်အုပ်စုဖြစ်သည့် Standard Household (STD) အုပ်စုသည် အဓိက သက်ရောက်မည်ဖြစ်ပြီး မိသားစုဝင်ငွေမရှိသည့် ထိခိုက်လွယ်အုပ်စုဖြစ်သည့် V အုပ်စုနှင့် MV အုပ်စုသည် အနည်းငယ်သာ လျှော့ချခံရမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

STD အုပ်စုသည် မိသားစုဝင်ငွေအသင့်အတင့်ရှိပြီး သာမာန်အုပ်စုဟု သတ်မှတ်ထားသည့်အတွက် ထိုမိသာစုထဲရှိ အသက် ၆ လမှ ၅ နှစ်အထိသည် ယခင် တစ်လ ၂၀၃ ဘတ်ရရှိခဲ့ရာမှ ယခု ၅၁ ဘတ်သာ ရရှိတော့မည်ဖြစ်သည်။

အသက် ၅ နှစ်မှ ၁၈ နှစ် အထက်ရှိသူအားလုံးသည် ယခင် ၃၃၂ ဘတ်ရရှိခဲ့ရမှ ယခု ၈၄ ဘတ်သာ ပြန်ရရှိမည်ဖြစ်ကာ ရိက္ခာလျှော့ချမှု ၇၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချခံလိုက်ရခြင်းဖြစ်သည်ဟု နို့ဖိုးဒုက္ခသည်စခန်း တာဝန်ရှိသူ စောကျော်ဝေါ်က ယခုလိုပြောသည်။

“စခန်းထဲက ဒုက္ခသည် မိသားစု အုပ်စု V နဲ့ MV အုပ်စုက  လျှော့ချလို့မရတဲ့ အုပ်စုထဲမှာပါတော့ ၁၀ ရာခိုင်နှုန်းကျော်ကျော်လောက်ဘဲ လျှော့ချတယ်။ အဓိကတော့ STD အုပ်စုပေါ့။ အခုတော့ အဲဒီ STD အုပ်စုက ဒုက္ခသည် တချို့သူတွေက ကွန်ပလိန်းတက် ချင်တာရှိတယ်။ ဒါက ကျနော်တို့စခန်းကော်မတီတွေက လျှော့တာမဟုတ်ဘူး။ TBC က တိုက်ရိုက်လျှော့ချတယ်ဆိုတော့ သူတို့သဘောထားကို TBC လာရင်တော့ ကျနော်တို့က တင်ပြပေးလို့ ရတာလောက်ဘဲ လုပ်လို့ရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းများတွင် လမ်းပန်းဆက်သွယ်ရေး အနီးအဝေးကွာခြား၍ ရိက္ခာရရှိမှု အနည်းငယ် ကွာခြားမှုရှိသော်လည်း ဒုက္ခသည်စခန်းတိုင်း ရိက္ခာလျှော့ချသည့်အထဲတွင် STD အုပ်စုသည် ပိုမိုလျှော့ချခံရကြောင်း သိရသည်။

ထို့အပြင် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင်လည်း STD အုပ်စုရှိ အသက် ၆ လမှ ၄ နှစ်အထိ ကလေးများကို တစ်လလျင် ၄၇ ဘတ်သာ ရရှိမည်ဖြစ်သည်။

ထို့အပြင် အသက် ၅ နှစ်အထက်ရှိသည့် လူကြီး လူငယ်အားလုံးသည် တစ်ဦးလျင် ၇၇ ဘတ်သာ ရရှိတော့မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများသည် ဆန်၊ ဆီ၊ ဆားအပါအဝင် စားနပ်ရိက္ခာဝယ်ယူနိုင်ရန် အိမ်ထောင်စုတစ်စုကို TBC မှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်၍ Food Card စနစ်ဖြင့် ပြောင်းလဲထုတ်ပေးထားခြင်းဖြစ်ပြီး လစဉ် လကုန်သည့်အချိန်တွင် ရိက္ခာသတ်မှတ်သည့်တန်ဖိုးအတိုင်း ထိုကဒ်ထဲတွင် ငွေဖြည့်ပေးခြင်းဖြစ်သည်။

ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခု တွင် TBC မှ ရိက္ခာထောက်ပံ့သည့် လူဦးရေ ၁၀၈,၀၀၀ (တစ်သိန်းရှစ်ထောင်) ဦးရှိပြီး တစ်လစာ ရိက္ခာအတွက် အမေရိကန်ဒေါ်လာ စုစုပေါင်း ၁ ဒသမ ၃ (၁.၃) သန်း ကုန်ကျမှုရှိသည်ဟု ရံပုံငွေ လိုအပ်ချက်နှင့်ပတ်သက်၍ အလှူရှင်များ လှူဒါန်းနိုင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် TBC က ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...
September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...