ကလော-သာစည်ကြား ကျွဲတပ်ဆုံ စစ်တပ်ဂိတ် ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းခွင့်ရ

ကလော-သာစည်ကြား ကျွဲတပ်ဆုံ စစ်တပ်ဂိတ် ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းခွင့်ရ
ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ပိတ်မိနေသည့် ကုန်ကားများ။
ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ပိတ်မိနေသည့် ကုန်ကားများ။

သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံ စစ်တပ်ဂိတ်တွင် ယာဉ်ထိန်းရဲများကို ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီး (၄) နှစ်အကြာတွင် မြန်မာနိုင်ငံ၌ ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲလာပြီး ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကားများကို စစ်တပ်ဂိတ်၌ တင်းတင်းကျပ်ကျပ်စစ်ဆေးခြင်း ငွေညှစ်ခြင်းများ လုပ်ဆောင်လာသည်။

ထိုကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲနေသည့်ထဲမှ သျှမ်းတောင်နှင့် မန္တလေးတိုင်းကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းသည်လည်း နှစ်စဉ်နှင့်အမျှ အစစ်ဆေး ပိုမိုတင်းကျပ်လာပြီး ယာဉ်ထိန်းရဲများကို ကားတစ်စီလျှင် ကျပ်ငွေ နှစ်သိန်းပေးနိုင်မှသာ ကုန်ကားများ ဖြတ်သန်းခွင့်ရကြကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီ ကျွဲတပ်ဆုံဂိတ်မှာတော့ ကားတွေ ထောင်ချီပိတ်မိတယ်။ ယာဉ်ထိန်းရဲတွေလာခေါ်မှ ကျနော်တို့ ဖြတ်သန်းလို့ရတယ်။ ကျနော်တို့ ကိုယ်ထူကိုယ်ထ ကုန်ကားသမားတွေကတော့ ၄ ရက်လောက်စောင့်ပြီးမှ ဖြတ်ရတယ်။ ဘိလပ်မြေကားတို့ကျတော့ သူတို့က တန်းဖြတ်လို့ရတယ်။ ဘာလို့ဆို သူတို့သူဌေးတွေက ရဲတွေကို ငွေပေးထားလို့ဆိုပြီး ပြောတယ်” ဟု ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပြောင်းတင်သည့် ကုန်ကားများကိုလည်း နိုင်ငံခြားဝင်ငွေရသောကြောင့် ဦးစားပေး မောင်းနှင်ခွင့်ပေးနေပြီး ကျောက်မီးသွေးကားနှင့် တခြားသော ကုန်တင်ကားများကိုမူ ၄ ရက်တိတိ စောင့်ဆိုင်းခိုင်းပြီးမှ မောင်းနှင်ခွင့်ရသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

အိမ်စီးကားနှင့် ခရီးသည်တင် (Express) ကားများကိုလည်း ဦးစားပေးမောင်းနှင်ခွင့်ပြုနေပြီး ခရီးသည်များကို လမ်းလျှောက်ဆင်းခိုင်းကာ အစစ်ဆေးခံခြင်း၊ မှတ်ပုံတင်၊ စမတ်ကဒ်များကို စစ်ဆေးခြင်းနှင့် တစ်ခါတရံ ဖုန်းများကို ယူစစ်ခြင်းများ ပြုလုပ်သည်ဟု ခရီးသွား အမျိုးသမီးတစ်ဦးက ပြောသည်။

ကုန်တင်ကားများကို ရက်ရှည်စောင့်ဆိုင်းခိုင်းခြင်းကြောင့် ကားသမားများ အဆင်မပြေမှုများ ကြုံတွေ့နေရပြီး ကားကျော်တက် မောင်းနှင်မိလျှင်လည်း လိုင်စင်သိမ်းခံရခြင်း၊ ဒဏ်ကြေးများပေးဆောင်နေရသည်ဟု ခရီးသွား ကားသမားတစ်ဦးက ပြောသည်။

“ကျနော်တို့ မီးသွေးတင်တဲ့ ကုန်ကားတို့က တော်တော်အဆင်မပြေဘူး။ အရမ်းစောင့်ရလို့ ကားကျော်တက်ရင်လည်း ဒဏ်ကြေးကို ကျပ် (၇ သောင်း) ကနေ ကျပ် (၂ သိန်း) အထိ ဆောင်ရတယ်။ သူတို့ကတော့ ရစ်တာပေါ့လေ ကျနော်တို့ကလည်း စောင့်နေတာ ဘယ်နှစ်ရက်ရှိပြီဆိုတဲ့ အကြောင်းပြချက်တွေ ပေးရတာပေါ့လေ။ သဘောမကောင်းတဲ့ ရဲနဲတွေ့ရင်တော့ လိုင်စင်ပါ သိမ်းခံရတာ” ဟု အဆိုပါ ကားသမားတစ်ဦးက ပြောသည်။

ယခင်က အဆိုပါ ကျွဲတပ်ဆုံဂိတ်ကို ည ၁၂ နာရီတွင်ပိတ်၍ မနက် ၄ နာရီ ပြန်ဖွင့်ပေးသော်လည်း ယခုလက်ရှိတွင် ကားတန်းများ ပိုမိုများပြားလာခြင်းကြောင့် မနက် ၂ နာရီခွဲပိတ်၍ ၄ နာရီအချိန် ပြန်ဖွင့်ပေးထားသည်ဟု ၎င်းကပြောသည်။

ဖြတ်သန်းသွားလာသည့် ကုန်တင်ကားများကို X-Ray စက်ဖြင့်စစ်ပြီး ပြောင်းကား၊ ဘိလပ်မြေကားနှင့် ကုန်စိမ်းကားများကို သံဆူးနှင့်ထိုး၍ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

“ဖြစ်စေချင်တာက ကျနော်တို့ ကားသမားချင်းအတူတူကို ကျနော်တို့ ကုန်ကြမ်းဘက်ကိုလည်း ထည့်တွေးပေးစေချင်တယ်။ နေပူထဲမှာ တနေကုန် တစ်ရက်တည်းလည်း မဟုတ်ဘူးလေ။ ကိုယ်ချင်းစာစေချင်တယ်” ဟု ကုန်တင်ယာဥ်မောင်းသူတစ်ဉီးက ပြောသည်။

သျှမ်းမြောက်သို့သွားသည့် ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်သွားပြီးနောက်ပိုင်း ကုန်တင်ယာဉ်များသည် သျှမ်းတောင်မှတဆင့် မန္တလေးသို့ ဖြတ်သန်းသွားနေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှစပြီး ကျွဲတပ်ဆုံဂိတ်ကို စစ်ကောင်စီမှ စစ်ဆေးမှုတင်းကျပ်လိုက်ပြီး တော်လှန်ရေးအင်အားးစုဘက် လက်နက်ခဲယမ်းများနှင့် စားသောက်ကုန်များ မရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့် စစ်ဆေးမှု တင်းကျပ်နေသည်ဟု သိရသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...