ညောင်ရွှေမြို့ရောက် စစ်ဘေးရှောင်အချို့ စစ်ကောင်စီ ဖိအားကြောင့် စိုးရိမ်စိတ်ဖြင့် လွိုင်ကော်ပြန်ရ

ညောင်ရွှေမြို့ရောက် စစ်ဘေးရှောင်အချို့ စစ်ကောင်စီ ဖိအားကြောင့် စိုးရိမ်စိတ်ဖြင့် လွိုင်ကော်ပြန်ရ
ညောင်ရွှေမြို့တွင် လာရောက်ခိုလှုံနေသည့် ကရင်နီစစ်ဘေးရှောင်များ။
ညောင်ရွှေမြို့တွင် လာရောက်ခိုလှုံနေသည့် ကရင်နီစစ်ဘေးရှောင်များ။

သျှမ်းပြည် ညောင်ရွှေမြို့နယ် လာရောက်ခိုလှုံနေသည့် ကရင်နီစစ်ဘေးရှောင်များသည် စစ်ကောင်စီ၏ ဖိအားကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်နေကြရကြောင်း သိရသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် “၁၁.၁၁” စစ်ဆင်ရေးကြောင့် ညောင်ရွှေမြို့နယ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင် ၈ ထောင်ကျော်ရှိကြောင်း သိရသည်။

ထိုစစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီက ယခင်လ (ဖေဖော်ဝါရီ) တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ဘေးရှောင် တာဝန်ခံများကို ခေါ်တွေ့ဆုံခဲ့ပြီးနောက် ယခုလ (မတ်လ) တွင် စတင် နေရပ်ပြန်ကြခြင်း ဖြစ်သည်။

“အခုက ညောင်ရွှေမြို့ ဘုန်းကြီးကျောင်းမှာ နေတဲ့လူတွေ ဆက်မနေကြတော့ဘူး၊ ပြန်ခိုင်းတော့ ပြန်ကြပြီ။ အပြင်မှာ အခန်းငှားနေလည်း အဆင်မပြေဘူးလေ။ တိုက်ပွဲကလည်း ငြိမ်သေးတာ မဟုတ်တော့ စိုးရိမ်စိတ်နဲ့ ပြန်နေရတယ်” ဟု ညောင်ရွှေမြို့တွင် ကျန်ရစ်ခဲ့သည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အချို့ စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေရပ်ပြန်ရန် လမ်းစရိတ်မရှိသည့်အတွက် ညောင်ရွှေမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ဆက်လက်ခိုလှုံနေသေးကြောင်း ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ဆိုသည်။

“သူတို့ဘယ်လောက်ပဲ ဖိအား‌ပေးပေး တချို့မတတ်နိုင်တဲ့ လူတွေက တောင့်ခံပြီး အဆင်ပြေသလို နေနေရမှာပဲ။ တချို့က အိမ်ငှားနေဖို့ ရှာကြတယ်။ ကြာရင်ဘယ်လို ဖြစ်မှာလဲ မပြောတက်ဘူး။ နေစရာမရှိလို့ ဒီဘက်ရှောင်လာပြီး နေနေကြရတာ။ တချို့ ဒီမောဆို့ ဘက်က လာနေတဲ့လူတွေဆို ပြန်ဖို့အိမ်မှ မရှိတော့တာ” ဟု ၎င်းက ပြောသည်။

ညောင်ရွှေမြို့နယ် စစ်ကောင်စီလေကြောင်းကြောင့် ထွက်ပြေးနေရတဲ့ပြည်သူများ

စစ်ဘေးရှောင်အများစု နေရပ်ပြန်ကြသော်လည်း လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက်အချို့နှင့် မြို့အဝင်/အထွက် နေရာအချို့တွင်‌ စစ်ကောင်စီမှ နေထိုင်ခွင့်မပြုသည့်အတွက် လွိုင်ကော်မြို့ ဘုန်းကြီးကျောင်းတွင် ဆက်လက်ခိုလှုံနေကြရပြီး ပြန်လည်ထူထောင်ရန်လည်း အခက်အခဲများရှိနိုင်ကြောင်း လွိုင်ကော်မြို့သို့ ပြန်ရောက်နေသည့် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“နေလို့မရတဲ့နေရာက ဒီလွိုင်ကော်မြို့ အဝင်/အထွက်နဲ့ တချို့ ရွာတွေပေါ့။ မိုင်းရှင်းလို့ မပြီးတာလည်း ဖြစ်နိုင်တယ်။ တိုက်ပွဲဖြစ်ခဲ့‌တဲ့ နေရာတွေမလို့လေ။ တချို့နေရာမှာ နေလို့မရသေးတော့ လွိုင်ကော်မြို့ထဲက ဘုန်းကြီးကျောင်းမှာ တဲထိုးပြီး ဆက်နေနေတာပေါ့။ ပြန်လည်ထူထောင်ဖို့ အစကနေ ပြန်စရမှာပဲ၊ အကုန်ခိုးခံထားရတာလေ” ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း စစ်ဘေးရှောင်များ ဆက်လက်ကျန်ရှိနေသေးပြီး၊ ထိုစစ်ဘေးရှောင်များအတွက် အလှူရှင်များလည်း မရှိတော့သဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝမ်းရေးကို ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။

June 6, 2026
- ပြည်သူတွေကို စည်းရုံးပြီး လွှတ်တော်ကနေတဆင့် နိုင်ငံရေး တရားဝင်မှုရရှိဖို့ စစ်အစိုးရက...
June 6, 2026
- ဦးမင်းအောင်လှိုင်အစိုးရအဖွဲ့က ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ...
June 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း...
June 5, 2026
- အာဏာသိမ်းစစ်တပ်နဲ့ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA – EC ပူးပေါင်းတပ်က တွန်းဇံမြို့ကို...