မုံရွာ-ဟုမ္မလင်း ရေကြောင်းလမ်းသွားလာခွင့် ပိတ်ထားဟုဆို

မုံရွာ-ဟုမ္မလင်း ရေကြောင်းလမ်းသွားလာခွင့် ပိတ်ထားဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲမှာ မကြာသေးခင်က ပြန်လည်ဖွင့်ပေးထားတဲ့ မုံရွာ–ဟုမ္မလင်း ရေကြောင်းလမ်းသွားလာခွင့်ကို ထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ရေးအခြေနေအရ တစ်နှစ်နီးပါးပိတ်ထားတဲ့ မုံရွာ–ဟုမ္မလင်း ရေကြောင်းလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြန်ဖွင့်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်က ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ဘက်ကို စစ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့တွက် ပြန်ပိတ်လိုက်တာလို့ အသက် ၄၀ ကျော်အရွယ် ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

“ပြန်ဖွင့်တာဖြင့် မကြာသေးဘူးလေ။ အဲ့တာ ပြီးခဲ့တဲ့ ၄ ရက်နေ့လောက်က SNA နဲ့ စကစ (စစ်ကောင်စီတပ်) တွေပေါင်းပြီး ရွှေပြည်အေးမြို့ဘက်ကို စစ်ကြောင်းထိုးသွားတာ အင်အားအလုံးအရင်းနဲ့ အဲ့ကြောင့် PDF တွေဘက်က ရေကြောင်းကို ပြန်ပိတ်လိုက်တာ” လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မုံရွာ– ဟုမ္မလင်း ရေကြောင်းလမ်းဟာ ဟုမ္မလင်းမြို့နယ်နဲ့ ခန္တီးမြို့နယ်အတွက် ကုန်စည်တွေတင်သွင်းရာမှာ အရေးပါတဲ့ ရေလမ်းကြောင်းဖြစ်သလို စစ်ကောင်စီပူးပေါင်းတပ်အတွက်လည်း စစ်အင်အား၊ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေ သယ်ယူဖို့ အရေးပါတဲ့ ရေလမ်းကြောင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း PDF ပူးပေါင်းတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ပြီးနောက် ၃ လအကြာ ၂၀၂၄ ခုနှစ် မတ်လမှာ ရေကြောင်းသွားလာခွ့င်ကို ရွှေပြည်အေးမြို့ကနေ ထိန်းချုပ်လိုက်ပြီး ၁၁ လအကြာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ ပြန်ဖွင့်ပေးထားတာဖြစ်ပါတယ်။

ဒေသခံတွေပြောဆိုချက်အရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရွှေပြည်အေးဘက် စစ်ကြောင်းထိုး၊ စစ်ရေးလှုပ်ရှားသွားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်း အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိတယ်လို့သိရပြီး ရွှေပြည်အေးအထိ ရောက်မလာပဲ လမ်းခုလတ်ကနေ ပြန်ခေါက်သွားပြီလို့ သိရပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တို့ စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် စစ်ရေးအခြေနေအရ စိုးရိမ်ရသေးတာကြောင့် မုံရွာ–ဟုမ္မလင်း ရေကြောင်းလမ်းကို ဟုမ္မလင်း PDF တပ်ပေါင်းစုက ဒီနေ့ထိ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

“အဲ့ဒီ စစ်ကြောင်းထိုးသွားတဲ့အဖွဲ့က မနေ့က ဟုမ္မလင်းကို ပြန်ရောက်လာတယ်။ အခြေအနေသွားကြည့်တာလို့ ပြောကြတယ်။ ရွှေပြည်အေးမြို့ထဲအထိတော့ မရောက်လာဘူးတဲ့။ မြို့ထဲထိရောက်လာရင်တော့ တိုက်ပွဲဖြစ်မှာ။ ပြန်လှည့်လာကြတယ်။ အခု အခြေနေစောင့်ကြည့်နေတယ်။ ပြန်ဖွင့်တာမကြားသေးဘူး” လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးက ဆက်ပြောပါတယ်။

ခုလို မုံရွာ–ဟုမ္မလင်း ရေကြောင်းလမ်း ပိတ်လိုက်ပြီးနောက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ခန္တီးမြို့နယ်တွေအတွက် အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးတွေကို လေကြောင်းကနေပဲ တင်သွင်းရတာဖြစ်လို့ ကုန်စျေးနှုန်းတွေလည်း အဆမတန် စျေးမြင့်တက်ခဲ့ပါတယ်။

ဟုမ္မလင်းမြို့ရဲ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်အတွက် ရေကြောင်းအသုံးပြုရာမှာ အရေးပါတဲ့ ရွှေပြည်အေးမြို့ကို ဟုမ္မလင်း HPDF, HPDF 124, HPDF (မိုးကြိုး) နဲ့ အခြားမဟာမိတ်တပ်ပေါင်းစုတွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...