ဆန်ပြတ်လပ်မှုကို ငွေချေးပြီး ဖြေရှင်းနေရတယ်လို့ စစ်ဘေးရှောင်တွေပြော

ဆန်ပြတ်လပ်မှုကို ငွေချေးပြီး ဖြေရှင်းနေရတယ်လို့ စစ်ဘေးရှောင်တွေပြော

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ ဆန်အပါအဝင် အခြေခံစားသောက်ကုန် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေတွေနား ငွေချေးယူပြီး ဝမ်းရေးကို ဖြေရှင်းနေရတယ်လို့ သိရပါတယ်။

ကန်သာယာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြတဲ့လူထုတွေဟာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုထဲက ဒေသခံတွေဖြစ်ကြပြီး စစ်ရေးအခြေနေကြောင့် နေရပ်ကို စိုက်ပျိုးရေး ပြန်လုပ်ကိုင်လို့ မရတာကြောင့် အလှူရှင်အဖွဲ့အစည်းကိုပဲ အဓိက မှီခိုနေရတယ်လို့ ကန်သာယာ စစ်ရှောင်ကော်မတီ ဒေါ်မူက ပြောပါတယ်။

“အိမ်တိုင်းက ပြတ်လတ်နေတယ်။ ပြတ်လတ်နေတယ် ပြောနေကြတယ်။ စစ်ရှောင်တွေက အလုပ်လည်းမရှိဘူး။ လုပ်စရာမရှိတာလည်းပါတယ် ပြောရမှာလားနော။ သူတို့ ဒီတိုင်းပဲ နေထိုင်နေတယ် ပြီးတော့ အလှူရှင်ကိုလည်း မှီခိုနေတယ်လို့ပဲပြောရမှာပေါ့” လို့ ဒေါ်မူက ပြောပါတယ်။

ကန်သာယာ စစ်ရှောင်စခန်းမှာ လူဦးရေ ၁၀၀ ကျော် ရှိပြီး အများစုက ၁၈ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်ကာလ ၄ နှစ်နီးပါးအတွင်း ဆန်ပြတ်လပ်မှုကို ယခုတစ်ခေါက်နဲ့က နှစ်ကြိမ်မြောက်ကြုံရတာဖြစ်တယ်လို့ ပြောပါတယ်။ ဆန်ပြတ်လတ်မှုက တစ်လကျော်ကြာမြင့်လာပြီဖြစ်ပြီး ထမင်းလျော့စားရတယ်လို့ ဒေါ်မူက ပြောပါတယ်။

စစ်ရှောင်ကာလအတွင်း စစ်ရှောင်လူထုတွေက နီးစပ်ရာအသိမိတ်ဆွေ ၊ မြေယာပိုင်ရှင်တွေရဲ့ မြေငှားရမ်းပြီး သီးနှံစိုက်ပျိုးလာကြတာရှိနေပါတယ်။ မြေငှားရမ်းပြီး စိုက်ပျိုးဖို့ ခက်ခဲတဲ့ ကန်သာယာစစ်ရှောင်စခန်းက လူထုလိုမျိုး နေရပ်ပြန်လို့မရဘဲ အလှူရှင်ကိုသာ အဓိက မှီခိုနေရတဲ့ စစ်ဘေးရှောင်တွေလည်း များစွာရှိနေတယ်လို့ ကန္တာရဝတီတိုင်း (မ်) ရဲ့ မြေပြင်သတင်းထောက်က သူ့ရဲ့တွေ့ရှိချက်ကို ပြောပါတယ်။

စားသောက်ရေး ဖြေရှင်းဖို့အတွက် ယခုနှစ်မှာ ဆောင်းသီးနှံဖြစ်တဲ့ ကြက်သွန်၊ မုန်ညှင်းတို့ကို စိုက်ပျိုးလာကြပေမယ့် စိုက်ပျိုးနိုင်တဲ့ စစ်ဘေးရှောင်အရေအတွက်က အနည်းငယ်သာရှိနေသေးတယ်လို့လည်း ပြောပါတယ်။

“ဒီးမော့ဆို အနောက်ခြမ်းက စခန်းတော်တော်များများကိုရောက်တဲ့ခါ တချို့က အိမ်ပြန်ပြီးစပါးစိုက်လို့ရတဲ့ သူတွေက စားဖို့ ဆန်လောက်တော့ အဆင်ပြေနေသေးတာကိုတွေ့ရတယ်။ ဒါပေမဲ့ စစ်မြေပြင်အနေအထားအရ အိမ်ပြန်လို့မရတော့တဲ့ စစ်ရှောင်တွေကကျတော့ အမျိုးတွေဆီကနေ ပိုက်ဆံချေးတာဖြစ်ဖြစ် စားဖို့ဆန်အကူအညီတောင်းတာဖြစ်ဖြစ် လုပ်လာကြတာကိုတွေ့ရတယ်ပေါ့နော” လို့ ကန္တာရဝတီတိုင်း (မ်) မြေပြင်သတင်းထောက်က သူ့ရဲ့တွေ့ရှိချက်ကို ပြောပါတယ်။

လူဦးရေ ၃သိန်းဝန်းကျင်ရှိတဲ့ ကရင်နီပြည်တွင်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒေသတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လူဦး‌ရေ နှစ်သိန်းကျော်က စစ်ဘေးရှောင်နေရတာပါ။ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်အခွင့်လမ်းနည်းပါးသလို အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ပေးနိုင်မှုကလည်း နည်းလာတာကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာလိုအပ်ချက် များပြားနေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...