ဒေါ့ဖုန်းယန်မြို့ဘက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူအချို့ သေဆုံးခဲ့ကြောင်း KIA အတည်ပြု

ဒေါ့ဖုန်းယန်မြို့ဘက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူအချို့ သေဆုံးခဲ့ကြောင်း KIA အတည်ပြု

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲက Wa Ngang (ဝငန်း) နဲ့ Nang I (နန်အီ) ရွာဘက်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း Wa Ngang ရွာက ဦးမောင်ဦးတို့ တစ်မိသားစုလုံး အသက်ဆုံးရှုံးသွားတယ်လို့ ကြားသိရတဲ့အပြင် တစ်ခြားရွာက ဒေသခံပြည်သူအချို့လည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပေမဲ့ အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"ဝငန်းရွာက ဦးမောင်ဦးတို့အိမ်က ၇ ယောက်သေဆုံးပြီး မိသားစုတစ်စုလုံး ပါသွားတယ်လို့ ကြားသိရတယ်။ တစ်ခြားရွာက ဒေသခံတွေလည်း ထိခိုက်သေဆုံးတာရှိတယ်။ ဒါပေမဲ့ အတိအကျတော့ အကုန်မသိရသေးဘူး။ ဆွမ်ဒူဘေးက အောင်မြင်သာရွာမှာက နေအိမ်တစ်ချို့ ပျက်စီးတာရှိတယ်။ ဘုန်းကြီးကျောင်း ပျက်စီးတာရှိတယ်လို့ သတင်းတော့ရရှိတယ်။ အတိအကျတော့ မရရှိသေးဘူး" လို့ ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်ပုံတွေထဲမှာ အသက်ဆုံးရှုံးသွားရတဲ့အထဲ အသက်မပြည့်သေးသူ ကလေး ၃ ဦးပါရှိတာကို တွေ့ရှိရပါတယ်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲက အထက်ပါ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗန်းမော်မြို့ဘက်မှာ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဘက်က အခုလို လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဟူးကောင်းဒေသ၊ တနိုင်းမြို့နယ်အတွင်းက Tsan lun ရွှေမှော်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးကျော် သေဆုံးခဲ့ပါတယ်။

May 21, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျာယန်ကျေးရွာက မယ်ဇလီတောစစ်ရှောင်စခန်းမှာ နေထိုင်တဲ့...
May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...
May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...