ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
၂၀၂၄ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အခမ်းအနားတွင် မြင်တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓါတ်ပုံ- AFP
၂၀၂၄ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အခမ်းအနားတွင် မြင်တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓါတ်ပုံ- AFP

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း Burmese Rohingya Organisation UK (BROUK) အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) တွင် ထုတ်ပြန်သည်။

အာဂျင်တီးနားနိုင်ငံ၊ ဘွနိုအိုင်းရပ်စ်မြို့ရှိ တရားရုံးက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သူ စစ်ကောင်စီအရာရှိ ၂၃ ဦး နှင့် အခြားပါဝင်သူ စစ်သားများကို ဖမ်းဝရမ်းထုတ်နိုင်ရန် ယမန်နေ့က တောင်းခံခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားတရားရုံးမှ ယခုကဲ့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်းသည် နိုင်ငံတကာ တရားရုံးများတွင် ပထမဦးဆုံးဖြစ်ပြီး စစ်ခေါင်းဆောင်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတရပ် တိုးလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“သူ့အနေနဲ့ အာဂျင်တီးနားနိုင်ငံ အာဏာစက်ရှိနေတဲ့ ဒေသတွေ၊ အာဂျင်တီးနားနိုင်ငံနဲ့ တရားခံလွှဲပြောင်းရေး လက်မှတ်ထိုးထားတဲ့ နယ်မြေဒေသတွေ၊ နိုင်ငံတွေကို လုံးဝ သွားလို့မရဘူးဖြစ်သွားတယ်။ သွားချင်တိုင်းသွား လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့ သူ့အတွက် ခြေချုပ်မိသွားတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးဖြစ်စေမှာ သေချာပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းကပင် BROUK က အာဂျင်တီးနားတရားရုံးထံ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတောင်းဆိုမှုတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်ကောင်စီတပ် အရာရှိ ၂၃ ဦးပါဝင်ပြီး ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖော်သည့် စစ်ကောင်စီတပ်သားများပါဝင်ကြောင်း ဆိုထားသည်။

“ဖမ်းဝရမ်းထုတ်တာက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာထင်ရှားတဲ့အတွက် – ကမ္ဘာ့အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ခံရတာပါ။ အင်တာပိုလ်စာရင်းထဲ ရောက်လာတာနဲ့ ဘယ်နိုင်ငံကိုမှ သွားခွင့်ရှိမှာ မဟုတ်တော့ပါဘူး။ အခုကတော့ နိုင်ငံတကာ တရားဝင် ဝရမ်းပြေးဖြစ်သွားပါပြီ” ဟု Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ပြောသည်။

စစ်ခေါင်းဆောင်၏ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ပြည်ပနိုင်ငံ တရားရုံးများ၌ တင်သွင်းထားသည့် အမှုများအနက် တူရကီတရားရုံးက ပြည်သူတွေအပေါ်ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှဥ်းပမ်းမှုနှင့် လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများကိုလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လမှစတင်စုံစမ်းနေဆဲဖြစ်ကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီးဌာန ဦးအောင်မျိုးမင်းက ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖော်ပြထားသည်။

လက်ရှိ အာဂျင်တီးနားတရားရုံးမှ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် ထိုစွဲချက်များအပေါ်တွင်လည်း တနည်းတဖုံသက်ရောက်မှုရှိနိုင်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

“တူရကီမှာကျတော့ ရိုဟင်ဂျာတခုတည်းမကဘဲ အကြမ်းဖက်စစ်အုပ်စုကနေ ကျူးလွန်တဲ့ တခြားအမှုတွေကိုပါ ထည့်ထားတယ်ဆိုတော့ အကြောင်းအရာတခုအနေနဲ့ သွားပြီးသက်ရောက်မှုတော့ ရှိမှာပါ။ ဒါပေမယ့် ကျန်တဲ့အမှုတွေကလည်း ခုရိုဟင်ဂျာတွေမှာ ကျူးလွန်သလို နိုင်ငံတကာ ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ အချက်တွေ ပို့နေတာရှိတယ်။ ဒါတွေက ဆက်သွားရဦးမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်မှု နှင့် သတ်ဖြတ်မှုများကို ကျူးလွန်ကြောင်းစွပ်စွဲချက်ဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ကို ဖမ်းဝရမ်းထုတ်ရန်အတွက် ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim Khan ကလည်း ပြီးခဲ့သည့်၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ICC ကို အဆိုတင်သွင်းခဲ့သေးသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ၊ တူရကီ၊ အာဂျင်တီးနားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တရားရုံးများတွင် တိုင်ကြားမှုများနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိရာ ယင်းအနက် အာဂျင်တီးနားတရားရုံးမှ စစ်ခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်သည့် ပထမဦးဆုံးနိုင်ငံဖြစ်လာသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...