IEC ရဲ့ ပြန်လည်ထူထောင်ရေးစင်တာမှာ ခြေတုတပ်ဆင်ဖို့ လိုအပ်နေသူ ၁၀၀ ကျော်ကို တပ်ဆင်ပေးနိုင်ခဲ့

IEC ရဲ့ ပြန်လည်ထူထောင်ရေးစင်တာမှာ ခြေတုတပ်ဆင်ဖို့ လိုအပ်နေသူ ၁၀၀ ကျော်ကို တပ်ဆင်ပေးနိုင်ခဲ့

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ပြန်လည်ထူထောင်ရေး စင်တာမှာ ၂၀၂၄ ခုနှစ်အတွင်း တက်ရောက်ကုသမှုခံယူနေသူ လူဦးရေ ပေါင်း ၁၀၀ကျော်ကို ခြေတု တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ IEC က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ခြေတု တပ်ဆင်ရသူတွေ အများစုမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး (၂) ဦးဗညားက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ငွေကြေးလိုအပ်ချက်ရှိနေတယ်။ နောက်တစ်ခုကတော့ လူပေါ့နော်။ HR အရင်းအမြစ်ပေါ့နော်။ အကန့်အသတ်ရှိတယ်။ ပြီးတော့ ဒီဟာက ကိုယ်ကိုယ်တိုင်ထုတ်လုပ်မယ်ဆိုရင် ကျွမ်းကျင် ပညာရှင်တွေ ၊ မဟုတ်လည်း မကျွမ်းကျင်သည့် တိုင်အောင်တောင်မှ Train ပေးရတယ်။ တစ်ခါထဲမပြီးဘူး။ အချိန်လိုတယ်။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ကျနော်တို့ ပံ့ပိုးနိုင်တဲ့ဟာ မဟုတ်ဘူး။ ဒီထိခိုက်ဒဏ်ရာရတဲ့သူတွေဆီကနေပဲ ပြန်ပြီးတော့မှ ပြန် Train ကြတယ်။ ပြန်ကူညီကြတယ် အဲ့လိုတွေဖြစ်တော့ အကန့်အသတ်တွေတော့ အများကြီးရှိပါတယ်” လို့ ဦးဗညားကပြောပါတယ်။

စစ်ရေးပဋိပက္ခကာလအတွင်း ခြေဆုံးရှုံးသွားတဲ့သူတွေကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး လူဦးရေ ၅၀ ကျော်ကတော့ ခြေတု ပြန်လည်တပ်ဆင်နိုင်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပြ ၁ လေးလုံး စစ်ဆင်ရေးတိုက်ပွဲအတွင်း မြေမြုပ်မိုင်း နင်းမိကာ ခြေတစ်ဖက် ဆုံးရှုံးသွားတဲ့ ရဲဘော်တစ်ဦးကတော့ သူ့ရဲ့ လက်ရှိခြေတုကတော့ အချိန်ကြာနေပြီမို့ လမ်းလျှောက်ရတာ အဆင်မပြေတော့တဲ့အတွက် အသစ်တစ်ဖန် ပြန်လဲနိုင်ဖို့ကို စောင့်မျှော်နေတယ်လို့ အခုလိုပြောပါတယ်။

“ကျနော့်ဟာ ပြန်လုပ်ရမယ်။ ခြေဖဝါးတွေက ပျက်ကုန်ပြီ။ ပြီးတော့ အထဲက ဖော့တွေက ပြဲကုန်ပြီလေ။ အဆင်မပြေတော့ဘူး။ တချို့နေရာတွေက အရမ်းချောင်နေတယ်။ လမ်းလျှောက်ရင် ချောင်တယ်” လို့ ခြေတုပြန်လည် တပ်ဆင်နိုင်ဖို့ကို စောင့်ဆိုင်းနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းကြောင့်အပါအဝင် လေကြောင်းတိုက်ခိုက်ခံရမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးပြီး ၅၀၀ နီးပါး ထိခိုက်ဒဏ်ရာရထားတယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။

May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...
May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...
May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...