အသက်မပြည့်သေးသူအပါအဝင် စစ်မှုထမ်းသင်တန်းဆင်း ၃၁ ဦးကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်ပြော

အသက်မပြည့်သေးသူအပါအဝင် စစ်မှုထမ်းသင်တန်းဆင်း ၃၁ ဦးကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်ပြော

အသက်မပြည့်သေးသူတဦး အပါအဝင် ဇန်နဝါရီလ တလအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းထားသူ ၃၁ ဦးကို ၎င်းတို့ တာဝန်ကျရာ နေရာများမှ အသီးသီးခေါ်ထုတ်လာနိုင်ပြီး ယင်းအနက် ၁၅ ဦးကို လက်နက်နှင့်တကွ ခေါ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင် (People’s Embrace) အဖွဲ့ တာဝန်ရှိသူက ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) တွင် မဇ္ဈိမကို ပြောသည်။

“သင်တန်းဆင်းပြီးသားတွေပါ။ တာဝန်ကျနေရာတွေကနေ ခေါ်ထုတ်လာတာပါ။ ပြန်တိုက်ချင်သူက ပြန်တိုက် လွတ်မြောက်နေရာသွားချင်သူကသွား ခိုလှုံနေထိုင်ချင်သူကလည်း ခိုလှုံပေါ့၊ လုံခြုံရေးအရ ညှိနှိုင်းပြီး လုပ်ပေးပါတယ်” ဟု ပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်သူ့ရင်ခွင်မှ ခေါ်ထုတ်ပေးနိုင်သည့် ပြည်သူ့စစ်မှုထမ်းများမှာ မည်သည့် မြို့နယ်များမှဖြစ်ကြောင်းကိုမူ လုံခြုံရေးအရ ဖြေဆိုရန် ၎င်းကငြင်းဆိုသည်။

ဇန်နဝါရီလအတွင်း ခေါ်ထုတ်ထားနိုင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ၃၁ ဦးအနက် တဦးမှာ အသက်၁၇ အရွယ်သာရှိသေးကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းတွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် (၅) မှ ပြည်သူ့ရင်ခွင်အဖွဲ့ထံသို့ ထွက်ပြေးခိုလှုံလာသည့် မောင်အောင်ပိုင် (အမည်လွှဲ) သည် အသက် ၁၇ နှစ်သာ ရှိသေးသော်လည်း စစ်ကောင်စီက ၎င်းကို သက်ပြည့်မှတ်ပုံတင်အတုလုပ်ပေးပြီး စစ်သားစုဆောင်းခဲ့ကြောင်း ၎င်းထွက်ပြေးလွတ်မြောက်လာပြီးနောက် ၎င်းကိုယ်တိုင် မဇ္ဈိမနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ဇန်နဝါရီလ တလအတွင်း ပြည်သူ့ရင်ခွင် အပါအဝင် သက်ဆိုင်ရာ နယ်မြေ ပကဖ၊ ပအဖ၊ ပလဖ များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသို့ ချိတ်ဆက်ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၁၃၆ ဦး ရှိရာ ယင်းအနက် ၈၃ ဦးမှာ လက်နက်နှင့်တကွ ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကလည်း မဇ္ဈိမကို ပြောသည်။

“ရာခိုင်နှုန်းအားဖြင့်ဆိုရင် ဇန်နဝါရီလ တလတည်းမှာပဲ ၆၁ ရာခိုင်နှုန်းက လက်နက်တွေယူဆောင် လာတယ်လို့ပြောလို့ ရပါတယ်။ အဲ့ဒီလူတွေရဲ့ တော်တော်များတဲ့ ရာခိုင်နှုန်းကလည်း ပြည်သူ့စစ်မှုထမ်းတွေပဲ များပါတယ်။ သူတို့ရောက်တဲ့နေရာမှာပဲ အားသန်တဲ့ တော်လှန်ရေးတာဝန်တွေကို ပြန်ပြီးထမ်းဆောင်နေပါတယ်” ဟု ဦးမောင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်စာ ရရှိသူများသည်လည်း ပြည်သူ့ရင်ခွင်အဖွဲ့ကို ချိတ်ဆက်မှုများရှိပြီး တိုင်ပင်ဆွေးနွေးပေးမှုများ လုပ်ဆောင်ကာ လတ်တလောတွင် တော်လှန်ရေးဘက်တွင် ပြန်လည်တိုက်ခိုက်လိုစိတ်ရှိသူများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ရင်ခွင်အဖွဲ့သည်စစ်ကောင်စီတပ်ကို စွန့်ခွာလိုသူများအား ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန MOD နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...