ထားဝယ် ရောင်းမော်ကျေးရွာ၌ နေအိမ်များကို စစ်ကောင်စီစစ်ကြောင်း မီးရှို့နေ

ထားဝယ် ရောင်းမော်ကျေးရွာ၌ နေအိမ်များကို စစ်ကောင်စီစစ်ကြောင်း မီးရှို့နေ

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာရှိနေအိမ်များကို မီးရှို့နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ထားဝယ်မြို့နယ်၊ ရွှေဂူတံတား စစ်ကောင်စီဂိတ်စခန်းကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်မီးရှို့ပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်မှတဆင့် စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကူစစ်ကြောင်းသည် ရောင်းမော်ရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၃၁ ရက်နေ့မှစတင်ပြီး ရောင်းမော်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရိူ့ဖျက်ဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု လောင်းလုံးမြို့နယ်မှ တော်လှန်ရေးတပ်၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးက အတည်ပြုပြောဆိုသည်။

“စစ်ကောင်စီစစ်ကူ စစ်ကြောင်းက ရေဖြူးဘက်က စစ်ကြောင်းဖြစ်တယ်။ အဲ့ကနေတစ်ဆင့် လောင်းလုံးမြို့နယ်ထဲကိုဝင်ပြီးတော့ ရွှေဂူတံတားဂိတ်နဲ့ စခန်းကုန်းသိမ်းခံရလို့ အဲ့ဘက်ကို စစ်ကူအနေနဲ့သွားတယ်” ဟု ကေအိုင်စီသို့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြောသည်။

လက်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ရောင်းမော်ကျေးရွာအတွင်း တပ်စွဲထားသည့်အတွက် အနီးရှိ ဆေးဖြတ်ကုန်းရွာ၊ ကင်းရှေ့ရွာများမှ ဒေသခံများမှာ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ထားဝယ်သို့ တိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အခုကတော့ မြို့က အသိအိမ်မှာ နေနေရတယ်။ ထားဝယ်မြို့ပေါ်က ရပ်ကွက်မှာလည်း ဘယ်နေ့ရှောင်ရမလဲ မသိဘူး။ အခုဖြစ်တာက အိမ်နဲ့လည်းနီးတယ်ဆိုတော့ စိတ်ပူရတယ်။ ကလေးကလည်း ငယ်သေးတော့ စိတ်ပူနေရတယ်။ အခုလည်း ရပ်ကွက်ရုံးက mytel ကဒ်သုံးတဲ့သူတွေ လာပါဆိုပြီး ခေါ်နေသေးတယ်” ဟု သူမက ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် သရက်ချောင်းမြို့နယ် အလယ်ပိုင်း၊ တောင်ပျောက်တိုက်နယ်အတွင်းရှိ ချောင်းဝပြင်ရွာ၊ သရက်ပင်အိုင်ရွာ၊ ရေချိုချောင်းရွာနှင့် ဂုံညှင်းဆိပ်ရွာများအတွင်းသို့ ပြီးခဲ့သည့် ဇန်နဝါရီလ၂၈ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

Most read this week

January 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့်...
မလေးရှားနိုင်ငံ Local Media Summit 2025 သို့ IPCM ကိုယ်စား ဦးတိုးဇော်လတ် တက်ရောက်ခဲ့စဉ်
January 20, 2026
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခကြားထဲတွင် သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့်...
January 19, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့်...
January 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ဝင်ငွေရပေါက်လမ်းအဖြစ် နယ်မြေတွင်း မူးယစ်ဆေးဝါး...