သတင်းသမားများ နှိပ်စက်သက်ဖြတ်ခံရမှု ကျူးလွန်သူများ တာဝန်ခံမှုရှိရန် IPCM ပြော

သတင်းသမားများ နှိပ်စက်သက်ဖြတ်ခံရမှု ကျူးလွန်သူများ တာဝန်ခံမှုရှိရန် IPCM ပြော

သတင်းမီဒီယာသမားများကို ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

စစ်တပ် အာဏာသိမ်းကာလ ၄ နှစ်အတွင်း သတင်းသမား ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်းရှိ အကျဥ်းထောင်များအတွင်း အကျဥ်းကျခံနေရသည့် သတင်းသမား ၄၃ ဦးရှိကာ ၎င်းတို့ကို ရာဇဝတ်မှုများဖြင့်လည်း အရေးယူမှုရှိနေသည်ဟု IPCM က ပြောသည်။

ထိုအထဲ၌ အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည့် သတင်းသမားက ၁၁ ဦးရှိနေပြီး ကျန်သူများမှာ ထောင်ဒဏ် ၁၀ နှစ်မှ ၃ နှစ်ကြား ပြစ်ဒဏ် ချမှတ်ခံထားရသည်။

ထို့အပြင် သတင်းလုပ်ငန်းလုပ်ကိုင်နေစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် သတင်းသမားမှာလည်း ၇ ဦးအထိရှိခဲ့သည်။

ထိုသို့ သတင်းမီဒီယာသမားများ လက်လွတ်စပယ်ဖမ်းဆီး ထောင်ချခံနေရခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခံနေရခြင်းအပေါ် ဆန့်ကျင်ရှုတ်ချသလို ကျူးလွန်သူများ တာဝန်ခံမှုရှိရန် IPCM ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အဓိက ကျူးလွန်ခဲ့သူတွေက အာဏာသိမ်း စစ်ကောင်စီဘက်တော်သားတွေဖြစ်တော့ အခုလို ပဋိပက္ခကာလအတွင်း သတင်းသမားတွေကို ၀ရမ်းထုတ်၊ ဖမ်းဆီးထောင်ချ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့မှုတွေအတွက် သူတို့ကို ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ခံရစေချင်တယ်။ နိုင်ငံအတွင်း ဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန်ဖြစ်တော့ ဒီအချက်အလက်တွေကို နိုင်ငံတကာ တရားစီရင်ရေးအတွက် သက်သေအဖြစ် အထောက်အကူဖြစ်စေဖို့ ဆက်ဆောင်ရွက်သွားရအုံးမှာပါ” ဟု IPCM ဥက္ကဌ နန်းဖော့ဂေက ကောင်စီကိုယ်စားပြု ပြောသည်။

ထို့အပြင် အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ကောင်စီက မီဒီယာဖိနှိပ်မှုကို အလွန်ပြုလုပ်နေပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေကြောင်း၊ သတင်းသမားများ သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်များအရ ရပ်တည်နိုင်ခြင်းမရှိဘဲ ကမ္ဘာအဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပ်တန်းနိုင်ငံစာရင်းတွင် ပါဝင်သည်အထိ အန္တရာယ်ကျရောက်နေပြီဖြစ်သည်ဟု IPCM က ထောက်ပြထားသည်။

“သတင်းမီဒီယာနဲ့ သတင်းသမားတွေအတွက် ရှေ့ဆက်ကြုံတွေ့ရအုံးမှာက လုပ်ငန်းရပ်တည်ရေးနဲ့ လုံခြုံရေး ဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်မှုတွေ မြန်မာမီဒီယာအသီးသီး ခက်ခဲကြပ်တည်းမှု ရှိလာနိုင်တဲ့အပြင် ကျင့်ဝတ်နဲ့အညီ လွတ်လပ်စွာ သတင်းရေးသားတင်ဆက်မှုမှာလည်း လုံခြုံရေးအရ စိန်ခေါ်မှုတွေလည်း ပိုရင်ဆိုင်ရလာနိုင်မယ်လို့ မြင်မိတယ်” ဟု IPCM ဥက္ကဌ နန်းဖော့ဂေက ကောင်စီကိုယ်စားပြု သုံးသပ်ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်သူများအပေါ်ကျူးလွန်နေသည့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို သတင်းရယူကာ အရှိအတိုင်း တင်ဆက်နေမှုကြောင့် မီဒီယာလိုင်စင် ပိတ်သိမ်းခြင်းခံရသည့် ပြည်တွင်းအခြေစိုက်မီဒီယာ (၁၅) ခုရှိပြီဖြစ်သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကောင်စီအနေဖြင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မီဒီယာလွတ်လပ်ခွင့်အတွက် ဆွေးနွေးခြင်း၊ သတင်းမီဒီယာ အငြင်းပွားမှုများ ညှိနှိုင်းဖြေရှင်းခြင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေကို နိုင်ငံတကာကသိရှိရန် ပြောဆိုခြင်း စသည်တို့ကို လုပ်ဆောင်နေသည်ဟု သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...