နွားထိုးကြီးတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ၆ လအတွင်း အိမ်ခြေ အလုံး ၇၀၀ နီးပါး ပျက်စီး

နွားထိုးကြီးတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ၆ လအတွင်း အိမ်ခြေ အလုံး ၇၀၀ နီးပါး ပျက်စီး

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် စစ်ကောင်စီ၏ ဗုံးကြဲပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များ (ဓါတ်ပုံ-ပေးပို့)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ မြင်းနီကျေးရွာတွင် စစ်ကောင်စီ၏ မီးတင်ရှို့မှုအပါအဝင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ လအတွင်း အိမ်ခြေ အလုံး ၇၀၀ နီးပါး  ပျက်စီးသွားကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှစ၍ ယခုနှစ် ၂၀၂၅ ဇန်နဝါရီလ ၂၃ ရက် အထိ လက်လှမ်းမီသလောက် ကောက်ခံထားသည့် စာရင်းဖြစ်ပြီး မြေပြင်တွင် ယခုအရေအတွက်ထက် ပိုများနိုင်ကြောင်း မြင်းခြံခရိုင်ထောက်ပို့သတင်းရင်းမြစ်က မဇ္စျိမကိုပြောသည်။

“မနေ့က ရွာလယ်ခေါင်ကို ပေါင် ၅၀၀ ဗုံး နှစ်လုံးချတာ အိမ်တချို့ဆို မြင်ကွင်းက ပျောက်ထွက်သွားတာ။ ကိုက် ၁၀၀ ဝေးတဲ့အိမ်တွေတောင် မှန်တွေကွဲထွက်တဲ့အထိ ပြင်းတာ။ နေ့တိုင်းပစ်တာ တနေ့ကို သုံးလုံး၊ ငါးလုံး၊ အနည်းဆုံး နှစ်လုံး နေ့တိုင်းပစ်တာ ဟောင်ဝှစ်ဇာနဲ့ရော မီးကျည်လိုရောပစ်နေတာ” ဟု ၎င်းကပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်ကလည်း ရွာလယ်ခေါင်သို့ ဂျက်ဖိုက်တာ နှစ်စီးက ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချမှုကြောင့် တရက်ထဲတင် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးသွားကြောင်း ၎င်းကဆိုသည်။

အိမ်ခြေ ၂,၅၀၀ ရှိသည့် အဆိုပါကျေးရွာတွင် ယခု ခြောက်လတာကာလအတွင်း မီးတင်ရှို့မှုကြောင့်နေအိမ်တွင်ကျန်ရစ်ခဲ့သော သက်ကြီးပိုင်း ငါးဦးမှာ အရှင်လတ်လတ် မီးထဲ သေဆုံးရမှုအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

“နေ့တိုင်းနီးပါး ပစ်နေလို့ တရွာလုံးပြေးနေရတယ်။ တချို့ ကျန်ခဲ့တဲ့သူတွေက ဗုံးခိုကျင်းထဲ ဝင်ပြေးကြတယ်။ ဘာလို့ပစ်လဲဆိုတော့ အဲ့ဒီရွာမှာ PDF တွေရာချီရှိတယ် လက်နက်တွေထုတ်တယ်ဆိုပြီး ကောလာဟလတွေထွက်တာ တကယ်တန်း PDF လည်း မနှစ်က စစ်တပ်က မီးလာရှို့ကတည်းက မရှိတော့တာ” ဟု လက်ဝဲ+မြင်းနီဒေသခံတဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီသည် ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများသာမက ရွာအတွင်းနေအိမ်များမှာ အိမ်ထောင်ပရိဘောဂပစ္စည်းများကအစ တိုလီမိုလီသံတိုသံစများမကျန် ဖောကားများဖြင့် ခေါက်တုံ့ခေါက်ပြန် သယ်ဆောင်ခြင်းများလည်း ပြုလုပ်ကြောင်း လက်ဝဲ မြင်းနီဒေသခံများကပြောသည်။

အဆိုပါကျေးရွာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်အစောပိုင်းတွင် ရွာအတွင်းကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ချုံခိုတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးသွားခဲ့ရာမှ အစပြုပြီး ယင်းနောက်ပိုင်း စစ်ကောင်စီတပ်က ရွာကို နေ့စဥ်နီးပါး ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ယင်းဖြစ်စဥ်နောက်ပိုင်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ လက်ဝဲ မြင်းနီကျေးရွာတွင် ပြောက်ကျားစစ်ဆင်ရေးများကို ယခုအချိန်အထိလှုပ်ရှားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့များက အငြိုးတကြီးဖြင့် ရွာကိုဆက်လက်ပစ်ခတ်နေကြောင်း မြင်းခြံခရိုင် ထောက်ပို့သတင်းရင်းမြစ်ကပြောသည်။

လက်ဝဲ မြင်းနီကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်မှုများကို မြင်းခြံမြို့နယ်ရှိ နာမည်ကြီးပျူစောထီးခေါင်းဆောင် သီတာယုမွန်က ဦးဆောင်ပြီး လေးရွာဆုံ၊ လယ်သစ်၊ ကျောက်ကန်ကျေးရွာမှ ပျူစောထီးအဖွဲ့များမှ ဦးဆောင်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

ခြောက်လတာကာလအထိ ဒေသခံအရပ်သားများမှာ စစ်ကောင်စီရန်ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုမှာ မိမိတို့၏နေအိမ်များ ပျက်စီးသွားသဖြင့် အိုးမဲ့အိမ်မဲ့အဖြစ် ဒုက္ခတွေ့နေကြသည်။

အရေးနိမ့်မှုများစွာနှင့် စစ်ရှုံးနေသည့် စစ်ကောင်စီက အညာဒေသရှိ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုမှာ တရက်ထက်တရက် ပိုမိုဆိုးရွားလာသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...