ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော် စားနပ်ရိက္ခာပြတ်လပ်၊ ဆန် အရေးပေါ်လိုအပ်နေ

ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော် စားနပ်ရိက္ခာပြတ်လပ်၊ ဆန် အရေးပေါ်လိုအပ်နေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် ဆန် အဓိကလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်သူများက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်က စစ်ကောင်စီက အိမ်ခြေ ၃၀၀ ကျော်ကို မီးရှို့ခဲ့သည့် လက်ပံကျင်းကျေးရွာအုပ်စုရှိ ဒေသခံများအတွက် အရေးပေါ်လိုအပ်နေကြောင်း ငါန်းဇွန် စစ်ဘေးရှောင်ကူညီသူ ကိုရာဇာက ပြောသည်။

”တချို့မိသားစုတွေ အားအင်ချို့တဲ့ပြီး အာဟာရပြတ်တဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်တို့ ရက်ပိုင်းလေး နောက်ကျပြီး သွားကူညီရတာရှိတယ်။ မီးရှို့ခံထားရတဲ့ လက်ပံကျင်းကသူတွေဆို ပြေးနေရတဲ့ အနေအထားဖြစ်နေတယ်။ တချို့အိမ်တွေပါသွားတော့ ဘာမှ စားရသောက်ရတာမရှိဘူး။ ဆန်တွေ အဓိကလိုနေတယ် ဆန်ရှိရင်တောင် ဆားနဲ့ဖြူးစားလို့ရသေးတယ်” ဟု ၎င်းက မဇ္စျိမကိုပြောသည်။

ငါန်းဇွန်တွင် စစ်ဘေးရှောင်ဦးရေ ၃,၀၀၀ မှာ ငါန်းမြှာကြီးနှင့် လက်ပံကျင်းကျေးရွာအုပ်စုတို့မှဖြစ်ပြီး သုံးပုံတပုံမှာ စားနပ်ရိက္ခာ ပြတ်လပ်နေခြင်းကြောင့် ဆန် အရေးပေါ် လိုအပ်နေပြီး ကျန်နှစ်ပုံမှာလည်း ဆန်ပြုတ်၊ ခေါက်ဆွဲခြောက်၊ ပြောင်းဖူးစား၍ တောင့်ခံနေရကြောင်း ငါန်းဇွန်စစ်ဘေးရှောင်စခန်းက တာဝန်ရှိသူများက ဆိုသည်။

စိုက်ခင်းအများစုမှာလည်း စစ်ဘေးတိမ်းရှောင်နေရသည့် ရွာ၏အဝေးတွင်သာ ရှိနေခြင်းကြောင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ခူးစားရန် လုံလောက်သည့် အနေအထားမရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ငါန်းမြှာကြီးကျေးရွာအုပ်စုတွင် စစ်ရှောင်နေကြရသူများအနက် ၅၀၀ ဦးရေမှာ နာတာရှည်ဝေဒနာသည်များနှင့် ဖျားနာနေသူများမှာ ဆေးဝါးပြတ်လပ်မှုကြုံတွေ့ခဲ့ရပြီး ဆေးကုသမှု မခံယူရ၍ ကလေးငယ်အပါ သေဆုံးသူများရှိခဲ့ကြောင်း စစ်ရှောင်များထံက သိရသည်။

လက်ရှိအခြေအနေအရ ဆေးဝါးကုသမှုကို နည်းလမ်းပေါင်းစုံဖြင့် ရှာကြံရခြင်းကြောင့် ဖျားနာသူများ ထပ်မတိုးလာစေရန် အတော်အတန် ထိန်းချုပ်ထားနိုင်ကြောင်း ငါန်းဇွန်မြို့နယ်ရှိ ကျန်းမာရေးလုပ်အားပေးသူတဦးက ဆိုသည်။

ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်က စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ နာရီပိုင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီက နေအိမ် ၃၀၀ ကျော်ကို မီးရှို့ခဲ့ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 27, 2026
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တု တူးဖော်နိုင်ရေး ကြိုးပမ်းလုပ်...
စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...