စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း အလှည့်ကျမီးဖြတ်မှု စတင်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း အလှည့်ကျမီးဖြတ်မှု စတင်

ပုံမှန်အားဖြင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များအပါအဝင် နေပြည်တော်ရှိ မြို့နယ်များတွင်လည်း အလှည့်ကျ မီးဖြတ်မှုစနစ် ယနေ့ (ဇန်နဝါရီလ ၆ ရက်) တွင် စတင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးအချို့က ယမန်နေ့တွင် အသိပေးသည်။

စစ်ကောင်စီက ဝန်ထမ်းအိမ်ရာများကို တနေ့လျှင် တကြိမ် ၆ နာရီခွဲကြာ လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ပြီး ကျန်ရပ်ကွက်များအား တနေ့လျှင် နှစ်ကြိမ် တကြိမ်ကို ၄ နာရီခွဲစီဖြင့် စုစုပေါင်း ကိုးနာရီကြာ မီးဖြတ်တောက်မည်ဖြစ်သည်။

ဇမ္မူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများဖြစ်သည့် ကံ့ကော်၊ ခရေ၊ တိုက်တထောင်မှ ငါးထောင်အထိ၊ အငြိမ်းစားနှင့် ပိတောက် ဖီဒါလိုင်းများအား နံနက် ၁၀ နာရီခွဲမှ ညနေ ၅ နာရီအထိ၊ ရပ်ကွက်များဖြစ်သည့် သာယာကုန်း၊ သပြေကုန်း၊ ရွှေကြာပင်ကွက်သစ် ဖီဒါလိုင်းများအား နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအထိ တကြိမ်၊ ညနေ ၄ နာရီခွဲမှ ည ၉ နာရီအထိ တကြိမ်နှင့် မြို့မဈေးဖီဒါလိုင်းအား နံနက် ၅ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ တကြိမ် စသည်ဖြင့် မီးဖြတ်တောက်မည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ကြေညာထားသည်။

အလားတူပင် ပျဉ်းမနားလျှပ်စစ်ရုံး (Ese Pyinmana) ကလည်း ရပ်ကွက်များကို အုပ်စု အေ၊ ဘီ ခွဲပြီး တနေ့လျှင် နှစ်ကြိမ် မီးပျက်မည့်အစီအစဉ်များကို အသိပေးထားသည်။

ပျဉ်းမနားမြို့နယ်၏ မီးပျက်သည့် အစီအစဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၅) က စတင်သည်။

“မီးလာသည့်အချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အရေးကြီးသည့် ဦးစားပေးဆောင်ရွက်ရမည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား အလှည့်ကျ အသုံးပြုပေးပါရန်၊ ထိုကဲ့သို့မဟုတ်ဘဲ အိမ်တိုင်းတွင် ရှိသမျှ လျှပ်စစ်ဓာတ်အားသုံး ပစ္စည်းများအားလုံး ပြိုင်သုံးလျှင် သုံးစွဲတဲ့ဝန်အားကို မနိုင်တဲ့အတွက် ခွဲရုံ၊ ရပ်ကွက်အတွင်းရှိ ထရန်စဖော် Breaker များ over load ဖြင့်ကျပြီး မီးပြန်ပျက်ပါမယ်” ဟု Ese Pyinmana က ဆိုထားသည်။

နေပြည်တော်ရှိ ကျန်မြို့နယ်များ၏ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ဇယားများအား မသိရသေးပေ။

“မီတာဘေကျတော့ တပြားမှ အလျှော့မခံဘူး၊ ပိုတောင်ကောက်လိုက်သေးတယ်၊ မီးကျ မှန်အောင်မပေးနိုင်ဘူး၊ ဒါတောင် နွေရာသီမရောက်သေးဘူး” ဟု Ese Pyinmana ၏ ကြေညာချက်အောက်တွင် လူငယ်တဦးက မှတ်ချက်ပေးထားသည်ကို တွေ့ရသည်။

ဥတ္တရသီရိမြို့နယ်တွင် နေထိုင်သူတဦးက ”မထုတ်သာ မထုတ်ပြန်တာ မနေ့က နေ့ခင်းက ပြတ်လိုက်တာဆိုတာ ညနေ ငါးနာရီလောက်မှ လာတယ်။ ဒီမနက် လေးနာရီ ပြတ်လိုက်တာဆိုတာ ဒီမနက် ရှစ်နာရီကျော်မှလာတယ်” ဟု မဇ္ဈိမကို ပြောသည်။

စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး ယခင်က တရက်လျှင် လေးနာရီ မီးလာပြီး လေးနာရီ မီးပြတ်သည့်စနစ် ဆောင်ရွက်နေရာမှ ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့မှစတင်ကာ အုပ်စု ၃ ခုခွဲပြီး တနေ့လျှင် အုပ်စုတခုကို လေးနာရီမီးလာပြီး ရှစ်နာရီ မီးပြတ်မည်ဖြစ်ကြောင်း သိရသည်။

“သူကလေ အချိန်မမှန်ဘူး။ လာချင်တော့လည်း လာတာပဲ။ ပြတ်ချင်တော့လည်း ပြတ်လိုက်တာပဲ။ အဲ့ဒီလိုမျိုး မနေ့တုန်းကဆို ပိုဆိုး၊ လာလိုက် ပျက်လိုက် ငါးမိနစ်တောင် မကြာဘူး” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီအနေဖြင့် ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့များတွင် အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပေးမှုကို ယခင်ကတည်းက ကျင့်သုံးနေရပြီး လက်ရှိတွင် လျှပ်စစ်ဓာတ်အားပေးနိုင်မှုအခြေအနေ ပိုမိုဆိုးရွား ကျဆင်းလာခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...