ရန်ကုန်တွင် စစ်ကောင်စီက ဧည့်စာရင်းများ ခပ်စိပ်စိပ် စစ်ဆေး

ရန်ကုန်တွင် စစ်ကောင်စီက ဧည့်စာရင်းများ ခပ်စိပ်စိပ် စစ်ဆေး

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲ ပူးပေါင်းကာ ဧည့်စာရင်းစစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၇/၈ လမ်းဆုံ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရပ်ကွက် (၉)၊ ကမာရွတ်မြို့နယ် ရပ်ကွက် (၈)၊ လှိုင်သာယာမြို့နယ် ရပ်ကွက် (၁၀)၊ အင်းစိန်မြို့နယ် မြို့သစ် (က) (ခ) ရပ်ကွက်များ၊ အလုံမြို့နယ် ဆင်မင်းလမ်းနှင့် စက်တွင်းလမ်း၊ တောင်ဒဂုံ (၅၄) ရပ်ကွက်၊ (၁၇) ရပ်ကွက် ၊ တာမွေမြို့နယ်၊ ကျောက်မြောင်း စသည့် နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် ကင်းထောက်ချန်နယ်များ၏ ဖော်ပြချက်နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကမာရွတ်တွင် နေထိုင်သူတစ်ဦးက “(ညက) ဘာဖြစ်လို့လဲတော့ မသိဘူး။ ယူနီဖောင်းနဲ့ကောင်တွေ တော်တော်များတယ်။ ရပ်ကွက်ထဲဝင်ပြီး စစ်တာလည်းရှိတယ်၊ ကားတွေနား ကျန်နေခဲ့ပြီး စစ်တာဆေးနေတာလည်း ရှိတယ်။ အတူနေတဲ့မိတ်ဆွေတောင် လမ်းသွားရင်း အစစ်ခံခဲ့ရတယ်” ဟု ပြောသည်။

“အစ်မတို့တိုက်တော့ အစစ်ခံရတာမရှိဘူး။ ရုံးက ကလေးတွေ ငှားနေတဲ့ တိုက်တွေဆို ခဏခဏ ဝင်စစ်ခံရတာ။ မနေ့ကလည်း ဝင်စစ်ခံရတယ်တဲ့၊ စစ်ရင် တတိုက်လုံးကို စစ်တာဆိုတော့လေ ကလေးတွေကတော့ ကြောက်တာတော့ ရှိတာပေါ့၊ နယ်ကနေ အလုပ်လာလုပ်ကြတာဆိုတော့” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်း ဧည့်စာရင်းစစ်ချိန်တွင် လူငယ်အချို့ ဖမ်းဆီးခံရကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ရန်ကုန်တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် စစ်ကောင်စီက ဧည့်စာရင်းစစ်ခြင်းကို ခပ်စိပ်စိပ် ပြန်လုပ်လာခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က မြောက်ဒဂုံမြို့နယ် ၇/၈ လမ်းဆုံတွင် ယာဉ်များစစ်ဆေးနေသည့် ယာဉ်ထိန်းရဲများ ပစ်ခတ်ခံရခြင်းရှိပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းတွင် တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း ရှိခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းကလည်း မှော်ဘီလေတပ်ကို Brave Warriors for Myanmar (BWM) ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...