တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူလေတပ်စခန်းကို ရှော့ဒုံးဖြင့် တိုက်ခိုက်ဟုဆို

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူလေတပ်စခန်းကို ရှော့ဒုံးဖြင့် တိုက်ခိုက်ဟုဆို

ပုံစာ - ဒီဇင်ဘာလ ၁၁ ရက် ညက တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ များဖြင့် ပစ်ခတ်စဥ်။

ပဲခူးတိုင်း၊ ကေတုမတီမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နှင့် တောင်ငူလေတပ်စခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် တပြိုက်နက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) တွင် ထုတ်ပြန်သည်။

ပဲခူးတိုင်း ၊ ကရင်ပြည်နယ် မြောက်ခြမ်းဒေသများနှင့် ထိစပ်နေသောဒေသများရှိ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို သတ်ဖြတ်သည့် စစ်ကောင်စီတပ်ဖွဲ့များကို အဓိက အမိန့်ပေးကွပ်ကဲသည့် စစ်ဌာချုပ်ဖြစ်သဖြင့် ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ည ၁၁ နာရီအချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တောင်ပိုင်းတိုင်း စစ်ဌာချုပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးမှာ စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ မြန်မာပြည်တဝန်း အရပ်သားပြည်သူများကို ဗုံးကြဲသတ်ဖြတ်ရာတွင် အဓိကထားအသုံးပြုနေသည့် လေတပ်စခန်းများထဲမှ တခုဖြစ်သော တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့ရာ ၃ လုံးမှာ ပစ်မှတ်ကွင်းအတွင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။

“နှစ်နေရာကို အားလုံး ၉ လုံးပစ်တာမှာ ၅ လုံးပဲထွက်ပြီး ၄ လုံးကချို့ယွင်းပြီး မထွက်ခဲ့ပါဘူး။ ထွက်တဲ့အလုံးအားလုံး ပစ်ကွင်းထဲ ကျရောက်ပါတယ်” ဟု BWM တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယင်းသို့ပစ်ခတ်ပြီးနောက် မိနစ် ၅၀ အကြာတွင် စစ်ကောင်စီတပ်ဖက်က လက်နက်ကြီး ၃ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ လုံခြုံဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေများကို ဆက်လက်စုံစမ်းနေပြီး သိရသမျှကို အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်း BWM က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPlF) နှင့် သံတောင်မြောက်ပိုင်းအထူးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း မှော်ဘီလေတပ်စခန်းကို ၁၀၇ မမ ၅ လုံးဖြင့် စစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံကို ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။

BWM အဖွဲ့သည် နိုင်ငံအဝှမ်း စစ်ကောင်စီတပ်၏ အကြီးစားပစ်မှတ်များနှင့် လေတပ်များပြိုလဲစေရန် ရည်ရွယ်၍ ၁၀၇ မမများဖြင့် ပစ်ခတ်တိုက်ခိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိရာ ယခုတိုက်ခိုက်မှုသည် ၂၆ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...