ဟုမ္မလင်းရောက် စစ်ရှောင်များ အကူအညီလိုအပ်နေ

ဟုမ္မလင်းရောက် စစ်ရှောင်များ အကူအညီလိုအပ်နေ
ရှမ်းနီအသံ (ပုံဟောင်း)
ရှမ်းနီအသံ (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် နှစ်ထောင်ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ပြီး လက်ရှိမှာ အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက “အဓိက အခက်အခဲကတော့ သူတို့နေထိုင်ဖို့အတွက် ယာယီတဲ မိုးကာပေါ့နော်။ အဲ့ဒါလိုအပ်မယ်။ ဆောင်းတွင်းကာလလည်း ရောက်လာပြီဖြစ်တဲ့အတွက် အဓိက ဝမ်းစာရေးအတွက် ဆန်၊ ဆီ၊ ဆားပေါ့။ ကုန်ခြောက်လေးတွေ ပြီးတော့ အမျိုးသမီးတွေအတွက်လည်း အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေပေါ့။ စားဝတ်နေရေးနဲ့ ဆေးဝါးရယ် နေထိုင်ဖို့အတွက် ယာယီတဲပေါ့။ အဲ့ဒါတော့ မဖြစ်မနေ လိုအပ်တဲ့အရာပါပဲ” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅ ရွာခန့်က ပြည်သူလူထုများဖြစ်သည်ဟု စစ်ရှောင်ပြည်သူများကို ကူညီပေးနေသူများက ပြောသည်။

ရွှေပြည်အေးမြို့သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများသည့် ဟုမ္မလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးများ၏နေအိမ်များတွင် နေထိုင်နေကြသလို အချို့မှာလည်း အိမ်ငှားနေကြရသည်ဟု ဆိုသည်။

လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စစ်ဘေးရှောင်များသည် အခက်အခဲများစွာနှင့် ကြုံနေရသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူက ယခုလိုဆက်ပြောသည်။

“အစအစအရာရာ ကုန်ဈေးနှုန်းက အရမ်းကြီးတယ်လေ။ ကုန်ဈေးနှုန်းကြီးတာ တစ်ပိုင်းရယ်၊ စစ်ဘေးရှောင်ဖြစ်တဲ့အတွက် သူတို့မှာလည်း အခက်အခဲများစွာ ဖြတ်သန်းပြီးတော့မှ လာရှောင်နေတာဖြစ်တဲ့အတွက် ငွေရေးကြေးရေးက တော်တော်လေး ခက်ခဲတယ်။ လမ်းကြောင်းပိတ်ထားလို့ ရေကြောင်း၊ ကုန်းကြောင်းတွေ အကုန်လုံး ပိတ်ထားတဲ့အခါမှာကြတော့ အစအစအရာအရာ ကုန်ဈေးနှုန်းကြီးတာပေါ့”

ဟုမ္မလင်းမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်တို့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပါက မုံရွာမြို့နှင့် ဟုမ္မလင်းမြို့ကို အဓိကဆက်သွယ်ထားသည့် ချင်းတွင်းမြစ် ရေကြောင်းလမ်းအား ပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ဟုမ္မလင်းမြို့တွင် ဆန်တစ်အိတ်ကို ကျပ်သုံးသိန်းနီးပါးရှိပြီး ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲ စျေးရှိနေသည်ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောသည်။

ဟုမ္မလင်းဒေသခံက “ကုန်ဈေးနှုန်းက ဆန်တစ်အိတ် ၃ သိန်းဝန်းကျင်မှာရှိတယ်။ ဓာတ်ဆီတို့ ဒီဇယ်တို့က ဈေးတက်တယ်။ တစ်လီတာ တစ်သောင်းခွဲရှိမယ်။ ကုန်းဈေးနှုန်းက ဈေးကြီးတော့ သယ်ယူစရိတ် အရမ်းများတာပေါ့။ ဆေးဝါးပါမယ်၊ ဈေးက တစ်နေ့နဲ့တစ်နေ့ မတူဘူးဖြစ်နေတယ်။ လမ်းပိတ်တဲ့အချိန်ဆိုရင် လေယာဉ်နဲ့သယ်တာလည်းရှိတယ်။ အဲဆို ဈေးများတယ်။ မြို့ခံတွေတောင်မှ တော်တော်လေး ရုန်းကန်နေရတဲ့ အခြေအနေမျိုးမှာရှိတယ်။ နောက်ပြီး သူတို့က တစ်ခြားနယ်ကနေပြီးတော့ စစ်ရှောင်လာကြတော့ ဆေးခန်းပြဖို့ကစအ အခက်အခဲဖြစ်ကြတယ်ပေါ့” ဟု ပြောသည်။

ဟုမ္မလင်းမြို့သည် ကုန်စည်ပစ္စည်းများအား မုံရွာမြို့မှ ချင်းတွင်းမြစ် ရေကြောင်းလမ်းဖြင့်သာ အဓိက သယ်ယူနေရသည့် မြို့ဖြစ်သည်။

ချင်းတွင်းမြစ်အနီးက မုံရွာ - ဟုမ္မလင်းတို့တွင် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် KIA PDF ပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသောကြောင့် ရေကြောင်းလမ်းကိုလည်း လနှင့်ချီ ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။

Most read this week

ဓာတ်ပုံ – Mari Alkatiri
January 24, 2026
ချင်းပြည် အတွင်း ကျူးလွန်ခံသည့် စစ်ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင်များကို အရှေ့တီမောတရားရုံး၌...
ဓါတ်ပုံ - Wai Hun Aung
January 23, 2026
မြန်မာနိုင်ငံတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...
AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...