ရှမ်းပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူများ ကားလက်မှတ်ခ ၅ ဆခန့် ပိုပေးရ

ရှမ်းပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူများ ကားလက်မှတ်ခ ၅ ဆခန့် ပိုပေးရ
ရန်ကုန်-မြဝတီပြေးဆွဲနေသည့်ယာဉ် (ပုံဟောင်း)
ရန်ကုန်-မြဝတီပြေးဆွဲနေသည့်ယာဉ် (ပုံဟောင်း)

ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများသည် ရန်ကုန်-မြဝတီ ကားလက်မှတ်ခများကို အခြား ပြည်နယ်နှင့်တိုင်း မှတ်ပုံတင်ကိုင်ဆောင်သူများထက် ငါးဆခန့် ပိုပေးနေရကြောင်း ခရီးသွားလက်မှတ်အရောင်းဌာနများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်-မြဝတီခရီးတွင် အခြားမှတ်ပုံတင်ကိုင်ဆောင်သူများအတွက် လက်မှတ်ခမှာ ၁၂၀,၀၀၀ ကျပ်ဝန်းကျင်သာရှိသော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများသည် ကျပ် ၄၅၀,၀၀၀ မှ ၅၅ဝ,၀၀၀ ကျသင့်သည်ဟု ခရီးသွားလက်မှတ်အရောင်းဌာနနှင့် ယာဉ်လိုင်းအချို့က ပြောသည်။

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများအား ခရီးသွားလက်မှတ်ရောင်းချခွင့်ကို ကန့်သတ်ထားသည်မှာ ခြောက်လခန့်ရှိနေပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ်လခန့်မှစတင်ကာ ရန်ကုန်-မြဝတီ လမ်းကြောင်းကို ညှိနှိုင်းသွားလာနေရခြင်းဖြစ်ကြောင်း ကားလက်မှတ်အရောင်းဌာနတခုက ပြောသည်။

“၁၃ မျဉ်းစောင်းကျတော့ ကန့်သတ်ထားလို့။ ကျနော်တို့လည်းရတာမဟုတ်ဘူး။ လမ်းကြောင်းတွေအကုန်လုံး ကျနော်တို့ ရှင်းရတာမို့ပါ” ဟု ရန်ကုန်-မော်လမြိုင်-မြဝတီ ပြေးဆွဲနေသည့် ယာဉ်လိုင်းတခုမှ ဝန်ထမ်းတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်-မော်လမြိုင် ကားလက်မှတ်ခမှာ ၂၅,၀၀၀ ကျပ်သာရှိသော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများမှာ ကျပ် ၁၅၀,၀၀၀ ကျသင့်ကြောင်း သိရသည်။

“၁၃/ ဆို စစ်တောင်းဂိတ်က ပေးမဖြတ်ဘူး။ ဖြတ်ချင်ရင် လာဘ်ထိုးရ၊ ဘာညာပေါ့” ဟု ခရီးသွားလက်မှတ် အရောင်းဌာနတခုမှ ဝန်ထမ်းတဦးက ပြောသည်။

မဇ္ဈိမမှ ခရီးသည်ယာဉ်လိုင်းများအား မေးမြန်းချက်များအရ ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများအတွက် ကားလက်မှတ်ခ သတ်မှတ်ချက်များသည် ရန်ကုန်-မြဝတီ လမ်းပိုင်းတွင်သာ မြင့်တက်နေပြီး ကျန်ဒေသများအတွက် ပုံမှန်သာသတ်မှတ်ထားကြောင်း သိရသည်။

”စစ်မှုထမ်းရှောင်ချင်တဲ့သူတွေ မြဝတီနယ်စပ်ကနေ ထိုင်းဘက်ကို သွားမှာစိုးလို့ စစ်တပ်က တားချင်တာ။ ဒါကြောင့် လမ်းကြောင်းကို တင်းကြပ်ထားတာ” ဟု မြဝတီမြို့ခံတဦးက ပြောသည်။

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို စစ်ကောင်စီက ခရီးသွားကန့်သတ်ထားသလို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူများကိုလည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်သို့ ကားလက်မှတ် လုံးဝရောင်းချခြင်းမပြုရန် ညွှန်ကြားထားကြောင်း ကားလက်မှတ်အရောင်းကိုယ်စားလှယ်တဦးက ပြောသည်။

မကြာသေးမီက ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ကိုယ်ပိုင်ကားဖြင့် သွားရောက်ခဲ့သည့် ရှမ်းပြည်နယ်၊ သီပေါမြို့မှ ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူတဦးအား မေးမြန်းရာ လမ်းခရီးတလျှောက်တွင် စစ်ကောင်စီဂိတ်များ၏ ပစ်မှတ်ထားစစ်ဆေးမှုကို ကြုံတွေ့ခဲ့ရကြောင်း ပြောသည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...