SNA တပ်စခန်း နှစ်ခုကို KIA ပူးပေါင်း တပ်များ သိမ်း

SNA တပ်စခန်း နှစ်ခုကို KIA ပူးပေါင်း တပ်များ သိမ်း

ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA ၏ တပ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်တို့က သိမ်းပိုက်နိုင်ခဲ့သည်။

KIA၊ PDF ပူးပေါင်းတပ်တို့က ဆယ်ဇင်းကျေးရွာအနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်၏ စခန်းနှစ်ခုကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF ရှေ့တန်း သတင်းအရင်းအမြစ်က ပြောသည်။

PDF ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး က “ဆမ်းပန်ကုန်းစခန်းကို သိမ်းတာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်း အစပ်ပေါ့၊ အဓိက စခန်း ဆမ်းပန်ကုန်းက သူတို့ရဲ့ ဗျူဟာကုန်း တစ်ခုလို တည်ဆောက်ထားတာ အတော်အရေးပါတယ်။ အင်အားက ၂၀၀ နဲ့ ၃၀၀ ကြား လောက် ဖြစ်မယ်ဗျ” ဟုပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် SNA ဘက်မှ တပ်သားများ အကျအဆုံးများခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဘက်တွင်လည်း၇ ဦးကျသွားခဲ့ကြောင်း ၎င်း PDF ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

“၇ ယောက်ကျတယ် ကိုယ့်ဘက်က သူတို့ဘက်ကတော့ များတယ်။ ထိခိုက်ဒဏ်ရာရတာလည်း များတယ်၊ SNA ဘက်က ၄ ယောက် ဖမ်းမိတယ်၊ သူတို့ဘက် ကျတဲ့အရေအတွက်တော့ မပြောတတ်ဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းရတယ်ဗျ” ဟု ပြောသည်။

KIA နှင့် PDF ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိခဲ့သည့် စခန်းများမှာ ဆမ်းပန်ကုန်းစခန်းနှင့် ရွှေတွင်းတပ်စခန်းတို့ဖြစ်ပြီး ၎င်းတိုက်ပွဲအား နိုဝင်ဘာလ လဆန်းမှ စတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ခန့် တိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ဒေသခံပြည်သူများမှာ ဘေးလွှတ်နိုင်မည့် နေရာများတွင် ကြိုတင်တိမ်းရှောင်နေကြသောကြောင့် ထိခိုက်မှုမရှိခဲ့ဟု ဆယ်ဇင်းရွာခံများက ပြောသည်။

ဆယ်ဇင်းရွာခံတစ်ဦးက “ဒေသခံတွေ ပြည်သူတွေ ထိခိုက်တာ မရှိပါဘူး။ သူတို့စခန်းတွေက အပြင်ဘက်ရောက်တော့လေ၊ လေကြောင်းနဲ့ ပေါင်း ၇ ကြိမ်လောက်ရှိတယ်” ဟုဆိုသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင် SNA တပ်၏ ဆမ်းပန်ကုန်းစခန်း၊ ရွှေတွင်းစခန်း၊ ဆယ်ဇင်းစခန်း၊ ပန်ချယ်စခန်း၊ ရှစ်မျက်နှာ စခန်း နှင့် လမ်းဆုံစခန်း တို့ရှိသည်။

ရှမ်းနီ အမျိုးသားများ တပ်မတော် SNA သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ကချင်ပြည်ထဲက ဖားကန့်မြို့နယ်၊ စစ်ကိုင်းတိုင်းထဲ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ် နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲထိပါ စစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...