ရွှေဝါရောင်ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီဖမ်းဆီး

ရွှေဝါရောင်ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီဖမ်းဆီး
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ  ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးပညာဇောတကို  စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဆရာတော်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက မဇ္ဈိမကို အတည်ပြုသည်။

ဆရာတော် ဦးပညာဇောတ(နတ်ဇော)ကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားဂိတ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့၊ ညနေပိုင်းက အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေးမြန်းစရာရှိ၍ လိုက်ခဲ့ရန် ပြောဆိုပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

“၁၃ ရက်နေ့က ဖမ်းဆီးခံရတယ်။ စော်ဘွားကြီးကုန်းကားဂိတ်မှာ ဖမ်းသွားတာ။ နိုင်ငံရေးကိစ္စလာတာမဟုတ်ဘူး၊ သူ့ကျောင်းသိမ်သမုဒ်ပွဲကို ကျင်းပဖို့ လာတာ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဆရာတော်နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ဆရာတော်ဦးပညာဇောတသည် အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်ပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတခုတွင် သိမ်သမုတ်ပွဲကို တက်ရောက်ရန် နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွလာခြင်း ဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က ဆရာတော် ဦးပညာဇောတကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆရာတော်နှင့်အတူ ဒကာနှစ်ဦးလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

“နောက်ဆုံးသိရတာ နတ်ဇောဆရာတော်နဲ့ ဒကာမဖြစ်တဲ့ ဒေါ်မြင့်မြင့်သိန်းကို ဖမ်းဆီးထားတယ်။ ဒကာမကိုတော့ ၁၆ ရက်နေ့က ဖမ်းတာ။ အခုကတော့ ဒေါ်မြင့်မြင့်သိန်းရဲ့ အမျိုးသားကိုလည်း ထပ်ဖမ်းဆီးတယ်လို့ သတင်းကြားတယ်။ အတည်ပြုလို့တော့ မရသေးဘူး” ဟု ရွှေဝါရောင်ဆရာတော် အရှင်ထာ၀ရက မဇ္ဈိမကို မိန့်သည်။

လက်ရှိတွင် ဆရာတော် ဦးပညာဇောတအပါအဝင် ဖမ်းဆီးခံထားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ဆရာတော်အရှင်ထာ၀ရက ဆက်လက်မိန့်သည်။ ဆရာတော်ဖမ်းဆီးခံထားရကြောင်း အမေရိကန်သံရုံးကို စာပေးပို့အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ဆရာတော်နှင့် နီးစပ်သူများက ပြောသည်။

ဆရာတော် ဦးပညာဇောတဖမ်းဆီးခံရမှုအပေါ်  မေးမြန်းနိုင်ရန် စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့  ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ ဆရာတော် တပါးဖြစ်သည့် ဦးပညာဇောတသည် ဖမ်းဆီးမခံရခင်အချိန်အထိ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော် တပါးဖြစ်သည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...