မိုင်းကိုင် စစ်ကောင်စီဂိတ်မှ ဆန်နှင့် စက်သုံးဆီကို သျှမ်းမြောက်သယ်ယူခွင့် တားမြစ်ပိတ်ပင်

မိုင်းကိုင် စစ်ကောင်စီဂိတ်မှ ဆန်နှင့် စက်သုံးဆီကို သျှမ်းမြောက်သယ်ယူခွင့် တားမြစ်ပိတ်ပင်
သျှမ်းတောင် မိုင်းကိုင်မှ သျှမ်းမြောက် သို့ သွားကားလမ်း
သျှမ်းတောင် မိုင်းကိုင်မှ သျှမ်းမြောက် သို့ သွားကားလမ်း

သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင်ကုန်ကားများကို မိုင်းကိုင်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ (၁၅) ရက်မှ စတင်ပြီး မိုင်းကိုင်မြို့ မွေတော်ဘုရားမြောက်ဘက်ရှိ လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့ ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာ သယ်ယူမည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့် မပေးဘဲ တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။

“၁၅ ရက်နေ့က စပြီးတော့ ဂိတ်မှာ တားထားတာ၊ ကုန်ကားပေးမဖြတ်ဘူး။ အဲ့ရက်နောက်ပိုင်း ဆန်ရယ် စက်သုံးဆီနဲ့ အစားအသောက်တွေ တားမြစ်လိုက်တယ်၊ မြောက်ပိုင်းကို အဲ့တာတွေ ပေးမဖြတ်တော့ဘူး။ လူစီးကားတော့ စစ်တာ တော်တော်ကြမ်းတယ်၊ နမ့်လန်ကိုတောင် သွားလို့မရတော့ဘူး”ဟု မိုင်းကိုင်မြို့မှ အသက် (၄၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းကိုင်နှင့် နမ့်လန်မြို့အကြား ပန်ကေတုနှင့် တုံလောကျေးရွာများရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်များလည်း စစ်ဆေးမှု ပိုမိုတင်းကြပ်လာပြီး ကုန်စည်ဖြတ်သန်းခွင့်ကို ကန့်သတ်တားမြစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“တောင်ကြီးဘက်က ကုန်ကားတွေ တစ်ရက်ကို ၁၅ စီးလောက် မိုင်းကိုင်မြို့ဝင်ဂိတ်မှာ နေ့ပိုင်း လမ်းပေါ် တန်းစီထားတယ်။ ညဘက် ၁၀ နာရီကျော်ရင် နွားတင်တဲ့ ကားတွေတော့ ပေးဖြတ်တယ်ပြောတယ်။ နမ့်လန်နဲ့ ကျေးသီးဘက် သွားတာတော့ ထိန်းတာ ကြမ်းတယ်။ တားထားတာ ပန်ကေတုနဲ့ တုံလောဘက်မှာ”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

မိုင်းကိုင်မြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်မှ နိုဝင်ဘာလ ၁၅ ရက်တွင် ကုန်တင်ကားများကို ဖြတ်သန်းခွင့် ကန့်သတ်တားမြစ်လိုက်ပြီးနောက် မြို့ပေါ်တွင် စားသုံးကုန်နှင့် စက်သုံးဆီများ ဈေးမြင့်တက်သွားပြီး စက်သုံးဆီ တစ်လီတာလျှင် ကျပ်ငွေ ၅၀၀၀ မှ ၆၀၀၀ ကြားအထိ ဈေးတက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ သျှမ်းပြည်မြောက်ပိုင်းသို့ သွားရာ ရပ်စောက်-ကျောက်ဂူလမ်းကို နိုဝင်ဘာလ (၁၂) ရက်မှ စတင်ပြီး စစ်ကောင်စီတပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

သျှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့ကြီးများကို သွားရောက်နိုင်ရန် ရပ်စောက်မြို့နှင့် မိုင်းကိုင်မြို့တို့ကို ဖြတ်သန်းသွားသည့် လမ်းမကြီးများသည် ကုန်တင်ယာဉ်အသုံးပြုမှုများပြားပြီး ယခုကဲ့သို့ ပိတ်ပင်လိုက်သဖြင့် ခရီးသွားများနှင့် ဒေသခံပြည်သူများ ပိုမိုဒုက္ခရောက်မည်ဟု ယာဉ်မောင်းများက သုံးသပ်ပြောဆိုသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့သို့ သွားသည့်လမ်းပိုင်းမှ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင်လည်း သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်ထပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့ကြီးများကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေသည့်အပြင် ယခုကဲ့သို့ လမ်းပိတ်ဆို့ခြင်းဖြင့် ဒေသနေ ပြည်သူများကို စားနပ်ရိက္ခာ ဖြတ်တောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...