လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို ကျပ်လေးသိန်းထိ ဈေးပေါက်

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို ကျပ်လေးသိန်းထိ ဈေးပေါက်

လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို ကျပ်လေးသိန်းခွဲဝန်းကျင် ပေါက်ဈေးရှိနေပြီး ကုန်ပစ္စည်းတွေလည်း လိုသလောက်မရနိုင်ဘူးလို့ သိရပါတယ်။

ပူတာအိုမြို့ကနေ ရီဒမ်းကျေးရွာအထိသာ ကားလမ်းပေါက်တဲ့အတွက် ရီဒမ်းကနေတဆင့် ခေါင်လန်ဖူးအထိ ဆိုင်ကယ်နဲ့ ပြန်လည်သယ်ယူရပြီး ဈေးနှုန်းကြီးမြင့်သလို လိုသလောက်လည်း မရနိုင်ဘူးလို့ ခေါင်လန်ဖူးဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လိုသလောက်တော့မရနိုင်ဘူး။ ဒီဘက်က သိပ်မတင်ဘူးလေနော်။ ရီဒမ်း–ခေါင်လန်ဖူးကျတော့ ဆိုင်ကယ်ပဲ။ ကားကျတော့ ပေါက်ဖို့ မလွယ်တော့ဘူး တောင်ပြိုထားတာ နည်းတာမဟုတ်ဘူး။ မိုးတွင်းတုန်းက ပြိုထားတာဟုတ်တယ်။ ပြင်ဖို့ကလည်းခက်နေတာ။“ လို့ ဆိုပါတယ်။

မိုးတွင်းကာလကတည်းက တောင်ပြိုပြီး နေရာတော်တော်များများမှာ သွားလာဖို့ ခက်ခဲနေတာဖြစ်ပြီးတော့ ပြင်ဆင်ယူဖို့လည်း ခဲယဉ်းနေတာလို့ ဆိုပါတယ်။

ကားပေါက်တဲ့နေရာအထိ ဆန်တစ်အိတ် ကျပ်နှစ်သိန်းရှစ်သောင်းဈေးရှိပြီး အဲဒီကတဆင့် ပြန်လည်သယ်ယူရတဲ့ ခေါင်လန်ဖူးမြို့မှာတော့ တစ်အိတ်ကို ကျပ်လေးသိန်းနှစ်သောင်းကနေ ကျပ်လေးသိန်းငါးသောင်း ဝန်းကျင် ဈေးရှိနေတာလို့ ပြောပါတယ်။

ဒါ့အပြင် ဓာတ်ဆီ ၅ ဂါလံဝန်းကျင်ရှိတဲ့ ပုံးဝါတစ်ပုံးလည်း ခေါင်လန်ဖူးမှာ ကျပ်သုံးသိန်းခွဲကနေ ကျပ်သုံးသိန်းခုနှစ်သောင်းဝန်းကျင် ‌ရှိနေတယ်လို့လည်း ဆိုပါတယ်။

မိုင်ပေါင်း ၁၀၀ ကျော်ဝေးတဲ့ ပူတာအိုကနေ ခေါင်လန်ဖူးမြို့အထိ ဆန်တစ်အိတ်သယ်ယူခ ကျပ်တစ်သိန်းဝန်းကျင်လောက် ကုန်ကျနိုင်သလို တခြားကုန်ပစ္စည်းတွေလည်း ဈေးမြင့်တက်နေပြီး ဆေးဝါးလည်း အလုံအလောက်ရရှိဖို့ ခဲယဉ်းတယ်လို့ ပြောပါတယ်။

မိုးတွင်းကာလတုန်းကတော့ အောက်ပိုင်းကလာတဲ့ ဆန်တစ်အိတ်ကို ကျပ်ငါးသိန်းအထိ ဈေးရှိခဲ့တာဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ အနည်းငယ် လျော့ကျလာတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား-ပူတာအို ကားလမ်းပိတ်တဲ့အချိန်ကလည်း ပူတာအိုမှာ အခြေခံစားသောက်ကုန် ပြတ်လပ်မှုတွေ ကြုံခဲ့ရသလို ခေါင်လန်ဖူးဒေသဘက်မှာလည်း ခက်ခဲမှုကျပ်တည်းမှု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ကားလမ်းဖွင့်တဲ့နောက် လက်ရှိမှာတော့ ပူတာအိုမြို့မှာ ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းခွဲဝန်းကျင် ဈေးပေါက်နေတာ ဖြစ်ပါတယ်။

ကိုဗစ်ကာလ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်သွားတဲ့နောက်ပိုင်းကနေ ခေါင်လန်ဖူးဒေသက ပြည်သူတွေဟာ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို ပူတာအိုဘက်ကပဲ အဓိကထား တင်သွင်းယူကြတာဖြစ်တယ်လို့ သိရပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...