မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်လူငယ်နိုင်ငံ ရေးဆွေးနွေးပွဲကနေ ဘုံသဘောတူ

မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်လူငယ်နိုင်ငံ ရေးဆွေးနွေးပွဲကနေ ဘုံသဘောတူ

မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖော်ဆောင်ဖို့ မွန်လူငယ်နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၄ ရဲ့ ဘုံသဘောတူညီချက်အဖြစ် စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

နိုင်ငံရေးအစုအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အင်အားစုတွေစတဲ့ အစုအဖွဲ့ ၁၁ ခုက မွန်လူငယ်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အခုလအတွင်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တာပါ။

ဆွေးနွေးပွဲရဲ့ ဘုံသဘောတူညီချက်ထဲက အဓိကအချက်အနေနဲ့ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်ပြီး မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာပါဝင်တဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က ကိုယ် ပိုင်ပြဌာန်းခွင့်ရှိတဲ့ မွန်ပြည်တည်ဆောက်နိုင်ရေး ပြည်သူလူထု ကိုယ်စားပြုတဲ့ မွန်ပြည်အစိုးရတစ် ရပ် ပေါ်ထွန်းမှ လုပ်ငန်း‌တွေဖော်ဆောင်ဖို့ အဆင်ပြေမယ်လို့ ပြောပါတယ်။

“လက်ရှိကာလဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်။ ဆိုတော့ ဒီစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာဆိုရင်လည်း လက်နက်ကိုင်တပ်တွေအချင်းချင်းပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို စနစ်တကျနဲ့ မဟာ ဗျူဟာကျကျ တွန်းလှန်တိုက်ဖျက်သွားနိုင်ဖို့ရယ် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာဆိုရင်လည်း မွန်ပြည်သူလူထုတွေ လိုလားတောင့်တနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တစ်ရပ်ကို တည်ဆောက်နိုင်ဖို့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ မွန်ပြည်အစိုးရတစ်ရပ်ပေါ်ထွန်းမှ လုပ်ငန်းတွေ ဖော်ဆောင်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဘုံသဘောတူညီချက်မှာတော့ မွန်ပြည်အတွင်းက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်စေရေး ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုအပါအဝင် အစုအဖွဲ့တွေအားလုံးက ဆန့်ကျင်တော်လှန် တိုက်ဖျက်သွားဖို့ ဖြစ်ပါတယ်။

တစ်ဘက်မှာ မွန်ပြည်နဲ့ ထိစပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုအခြေအနေတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး တော်လှန်တဲ့ အစုအဖွဲ့တွေက စနစ်တကျ ချိတ်ဆက်ပြီး ပူးပေါင်းသွားဖို့ ဘုံသဘောတူညီထားတာပါ။

မွန်လူငယ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာတော့ မွန်ပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအ တွက် အစုအဖွဲ့တွေကြား ချိတ်ဆက်မှုနဲ့ ပူးပေါင်းမှု ပိုမိုအားကောင်း မြှင့်တင်လာစေရေးကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ဒါကြောင့် အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စတဲ့ တူညီတဲ့ဘုံရည်မှန်းချက်တွေ အောင်မြင်စေနိုင်ဖို့ အစုအဖွဲ့အသီးသီးက မွန်လူငယ်တွေအနေနဲ့ ဘုံသဘောတူညီချက်တွေကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပူးပေါင်းထုတ်ပြန်တဲ့ အင်အားစုတွေကတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီ – လူငယ်ကိုယ်စားလှယ်၊ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ်၊ မွန် ပြည်ကာကွယ်ရေးတပ်၊ ရေးပြောက်ကျားတပ်၊ ရာမညလူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ အမည်မဖော်လိုတဲ့ အစု အဖွဲ့ ၄ ဖွဲ့တို့ ပါဝင်ပါတယ်။

ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...