မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်လူငယ်နိုင်ငံ ရေးဆွေးနွေးပွဲကနေ ဘုံသဘောတူ

မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်လူငယ်နိုင်ငံ ရေးဆွေးနွေးပွဲကနေ ဘုံသဘောတူ

မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖော်ဆောင်ဖို့ မွန်လူငယ်နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၄ ရဲ့ ဘုံသဘောတူညီချက်အဖြစ် စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

နိုင်ငံရေးအစုအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အင်အားစုတွေစတဲ့ အစုအဖွဲ့ ၁၁ ခုက မွန်လူငယ်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အခုလအတွင်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တာပါ။

ဆွေးနွေးပွဲရဲ့ ဘုံသဘောတူညီချက်ထဲက အဓိကအချက်အနေနဲ့ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်ပြီး မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာပါဝင်တဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က ကိုယ် ပိုင်ပြဌာန်းခွင့်ရှိတဲ့ မွန်ပြည်တည်ဆောက်နိုင်ရေး ပြည်သူလူထု ကိုယ်စားပြုတဲ့ မွန်ပြည်အစိုးရတစ် ရပ် ပေါ်ထွန်းမှ လုပ်ငန်း‌တွေဖော်ဆောင်ဖို့ အဆင်ပြေမယ်လို့ ပြောပါတယ်။

“လက်ရှိကာလဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်။ ဆိုတော့ ဒီစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာဆိုရင်လည်း လက်နက်ကိုင်တပ်တွေအချင်းချင်းပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို စနစ်တကျနဲ့ မဟာ ဗျူဟာကျကျ တွန်းလှန်တိုက်ဖျက်သွားနိုင်ဖို့ရယ် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာဆိုရင်လည်း မွန်ပြည်သူလူထုတွေ လိုလားတောင့်တနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တစ်ရပ်ကို တည်ဆောက်နိုင်ဖို့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ မွန်ပြည်အစိုးရတစ်ရပ်ပေါ်ထွန်းမှ လုပ်ငန်းတွေ ဖော်ဆောင်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဘုံသဘောတူညီချက်မှာတော့ မွန်ပြည်အတွင်းက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်စေရေး ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုအပါအဝင် အစုအဖွဲ့တွေအားလုံးက ဆန့်ကျင်တော်လှန် တိုက်ဖျက်သွားဖို့ ဖြစ်ပါတယ်။

တစ်ဘက်မှာ မွန်ပြည်နဲ့ ထိစပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုအခြေအနေတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး တော်လှန်တဲ့ အစုအဖွဲ့တွေက စနစ်တကျ ချိတ်ဆက်ပြီး ပူးပေါင်းသွားဖို့ ဘုံသဘောတူညီထားတာပါ။

မွန်လူငယ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာတော့ မွန်ပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအ တွက် အစုအဖွဲ့တွေကြား ချိတ်ဆက်မှုနဲ့ ပူးပေါင်းမှု ပိုမိုအားကောင်း မြှင့်တင်လာစေရေးကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ဒါကြောင့် အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စတဲ့ တူညီတဲ့ဘုံရည်မှန်းချက်တွေ အောင်မြင်စေနိုင်ဖို့ အစုအဖွဲ့အသီးသီးက မွန်လူငယ်တွေအနေနဲ့ ဘုံသဘောတူညီချက်တွေကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပူးပေါင်းထုတ်ပြန်တဲ့ အင်အားစုတွေကတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီ – လူငယ်ကိုယ်စားလှယ်၊ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ်၊ မွန် ပြည်ကာကွယ်ရေးတပ်၊ ရေးပြောက်ကျားတပ်၊ ရာမညလူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ အမည်မဖော်လိုတဲ့ အစု အဖွဲ့ ၄ ဖွဲ့တို့ ပါဝင်ပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...