ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင် ပစ်ခတ်ခံရ

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင် ပစ်ခတ်ခံရ

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် (Peace-talk Crea tion Group – PCG) အဖွဲ့ ၏ အဖွဲ့ခေါင်းဆောင်တဦးလည်းဖြစ်သည့် ဦးယွပ်ဇော်ခေါင်သည် ဖားကန့်မြို့ ဆိုင်းတောင်တွင် ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပေါင်တွင် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်ကျောက်သူဌေး ခေါင်းကိုင်ကြီးလည်းဖြစ်သည့် ဦးယွပ်ဇော်ခေါင်သည် ဆိုင်းတောင် တိုက်ပွဲကြောင့် LUCKY Man ဟိုတယ်နှင့် KTV မှာ ပိတ်မိနေသော ပြည်သူများအတွက် ညှိနှိုင်းစကားပြောရန် ရောက်လာစဥ် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်ခြင်းဟု ဒေသခံများက ပြောသည်။

“ပစ်ခံရတာတော့ ဟုတ်ပါတယ်၊ ပေါင်မှာပါ၊ မစိုးရိမ်ရပါဘူး” ဟု ဦးယွပ်ဇော်ခေါင်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ဦးယွပ်ဇော်ခေါင်သည် လက်ရှိ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ခမည်းခမက် (ဦးခက်ထိန်နန်၏သမီးကို ဦးယွပ်ဇော်ခေါင်သားက လပ်ထပ်ထိမ်းမြားထားသည်) တော်စပ်သူဖြစ်သည်။

၎င်းသည် ကချင်ဒေသ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီကြီး တခုဖြစ်သော Jade Land ကုမ္ပဏီ၏ ပိုင်ရှင်လည်း ဖြစ်သည်။

ယခု ဦးယွပ်ဇော်ခေါင် ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပေ။

စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ဆိုင်းတောင်ကျေးရွာရှိ Lucky Man Hotel ကို စစ်တပ်က ဝင်ရောက်စီးနင်းထားခဲ့ပြီး ရွာကို KIA နှင့် KPDF ပူးပေါင်းတပ်များ ပိတ်ဆို့ဝန်းရံထားကာ နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ ဆိုင်းတောင်ရှိ ပိတ်မိပြည်သူအချို့သည် အလံဖြူများကိုင်ဆောင်ကာ ကျေးရွာအတွင်းမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။

တိုက်ပွဲကို ဖားကန့်ဗျူဟာတပ်စခန်းကလည်း လက်နက်ကြီး ပစ်ကူပေးနေကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယမန်နေ့က ဆိုင်းတောင်ရှိ နေအိမ်တလုံး ထိမှန်ကာ မီးလောင်ကျွမ်းသွားခဲ့ပြီး ယနေ့ (စက်တင်ဘာလ ၉ ရက်) နေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 27, 2026
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တု တူးဖော်နိုင်ရေး ကြိုးပမ်းလုပ်...
စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...