ပအိုင်ဝ်းပြည်သူ့စစ်က ပြည်သူပိုင်ကားများအား ဒဏ်ရိုက်၊ သိမ်းဆည်း

ပအိုင်ဝ်းပြည်သူ့စစ်က ပြည်သူပိုင်ကားများအား ဒဏ်ရိုက်၊ သိမ်းဆည်း

ရှမ်းပြည်တောင်ပိုင်း၊ အင်လေးဒေသ အနောက်ဘက်ခြမ်းတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူပိုင် ကားများအား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က သိမ်းဆည်း ဒဏ်ရိုက်ခြင်းများ ကျူးလွန်နေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောသည်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ညောင်ရွှေမြို့နယ် မှော်ဘီလမ်းဆုံနှင့် သစ်ပင်ကောက်ကျေးရွာရှိ စစ်ဆေးရေး ဂိတ်များတွင် ကုန် တင်ကား၊ တွဲကား၊ ထရပ်ကား စသည့်ကားများအား PNA တပ်က ငွေကျပ်သိန်းရာချီအထိ တောင်းခံနေခြင်း ဖြစ်သည်။

ကိုယ်တိုင်ကြုံခဲ့ရသူ တစ်ဦးက “၂၈ ရက်နေ့က ကျနော်တို့ ဖြတ်သွားတော့ ကားက ၄ စီး ကုန်တင်ကားတွေပဲ။ သူတို့က တစ်စီး သိန်း ၂၀၀ တောင်းတာ။ ကျနော်တို့လည်း ဘယ်ရှိမလဲပေါ့။ ၄ စီးလုံး ပါလာတာတောင် သိန်း ၁၀၀ မပြည့်ဘူး။ အဲ့ဒါနဲ့ သူတို့ လူကြီးကို ဖုန်းဆက်ပြီး ညှိတော့ ပအိုဝ်းအချင်းချင်းမို့လို့ တစ်စီးကို ၃ သိန်းနဲ့ အဆင်ပြေသွားတယ်” ဟု ပြောသည်။

PNA က ပအိုဝ်းလူမျိုး အချင်းချင်းကို ငွေကြေးကောက်ခံရာတွင် လျော့ပေါ့ပေးလေ့ ရှိသော်လည်း အခြား လူမျိုး များကိုမူ မတန်တဆ ငွေကြေးကောက်ခံခြင်း၊ ယာဉ်ကိုပါ သိမ်းဆည်းခြင်း၊ တန်ဖိုးကြီး ဖုန်းများအား သိမ်းယူ ခြင်း၊ အမျိုးသမီးများအား ကာမအိ‌န္ဒြေ ပျက်စီးသည်အထိ စစ်ဆေးခြင်း စသည့် လုပ်ရပ်များ ကျူးလွန်လျက် ရှိ သည်။

ထို့အပြင် ကုန်တင်ကားများအား ချောဆွဲ၍ လက်နက် သယ်ယူခိုင်းခြင်း၊ ရှေ့တန်းနေရာများသို့ ပို့ဆောင်ခိုင်းခြင်း များ ပြုလုပ်လျက်ရှိပြီး ဂိတ်အနီးရှိ ကျေးရွာများကိုလည်း ထမင်းထုပ် နေ့စဉ် ပို့ဆောင်ခိုင်းနေသည်ဟု ဆိုသည်။

သစ်ပင်ကောက်ကျေးရွာရှိ စစ်ဆေးရေးဂိတ်နှင့် နီးစပ်သူ တစ်ဦးက “မှောင်ပြီဆိုရင် လန့်နေရတယ်။ ယောက် ကျားလေးဆို မသွားတာ ကောင်းတယ်။ ပေါ်တာဆွဲရင် မလွယ်ဘူး။ သူတို့ ပအိုဝ်းချင်းချင်းတောင် ဆွဲနေကြ တာ။ ဆိုင်ကယ်တွေလည်း တောင်းတယ်။ တစ်စီးကို ၂ သောင်းတဲ့” ဟု ပြောသည်။

မှော်ဘီနှင့် သစ်ပင်ကောက် စစ်ဆေးရေးဂိတ်များတွင် ယခင်က စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံ ရဲ၊ ပျူစောထီးများ စောင့်ကြပ်သော်လည်း ဇွန်လ နောက်ဆုံးပတ် (၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း) စတင်ချိန်တွင် တပ်နုတ်လိုက်ပြီး PNA တပ် နှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း တောင်ကြီးမှ ဒီးမော့ဆိုသို့ ထွက်ခွါလာသည့် စစ်ဘေးရှောင် ကူညီ ကယ် ဆယ်ရေးကားအား စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေး၍ ငွေကျပ်သိန်း ရာချီတန်ဖိုးရှိသည့် ဆေးနှင့် ရိက္ခာ ပစ္စည်းများအား သိမ်းဆည်းခဲ့ဖူးသည်။

ဓါတ်ပုံ - ပုံဟောင်း (စစ်တပ်အာဏာသိမ်းက မှော်ဘီဂိတ်ပုံ)

Most read this week

September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...