မွန်ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်

မွန်ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်

မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု မွန် ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

မွန်ပြည်နယ် အတွင်းရှိ ရေး၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ သထုံ အစရှိသည့် မြိုနယ်များမှ  ကျေးရွာပေါင်း တစ်ရာကျော် ရေနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) မှ တာဝန်ရှိသူ နိုင်အဲမွန်က “အခု ရွာတစ်ရာကျော်တွေထဲမှာ ရွာသုံးလေးဆယ်လောက်က ပြန်ပြီးတော့ ရေကျတယ်။ ရေကျပေမယ့်လို့ ရေတက်ပြီးတော့ ဒီ အပျက်အစီး တွေ ရောပေါ့။ အိုးအိမ်နေလို့ မရတော့တာတွေ၊ စားနပ်ရိက္ခာတွေ ပျက်စီးသွားတာတွေ ရှိတယ်။ ဆိုတော့ တောက်လျောက် ရင်ဆိုင်ကြုံတွေ့ နေရတယ်။ ဘယ်ချိန် ပြန်တက်ပြီး ဘယ်ချိန် ပြန်ကျမယ်ဆိုတာ မပြော တတ်ဘူး” ဟု ပြောသည်။

မွန်ပြည်နယ်ရှိ ရွာတစ်ရာကျော်တွင် ရေနစ်မြုပ်မှုကြောင့် လူဦးရေ သောင်းဂဏန်းခန့်သည် စားနပ်ရိက္ခာ ပြတ် လပ်မှုကြုံနေရပြီး ရေပြန်ကျသွားသည့် ရွာများတွင်လည်း အကူအညီများ ဆက်လက်လိုအပ်နေဆဲ ဖြစ်သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) မှ တာဝန်ရှိသူ နိုင်အဲမွန်က ဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ကျေးရွာပေါင်း ၃၀ ကျော်၌ ရေပြန်ကျ သွားသော်လည်း စားနပ်ရိက္ခာ အကူအညီများ အရေးပေါ် လိုအပ်နေဆဲဖြစ်သည်ဟု နိုင်အဲမွန်က ပြောသည်။

မွန်ပြည်နယ်သည် မြေပြင်အနေအထားအရ နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်ဒေသ ဖြစ်သည့်အပြင်  သဘာဝ သစ်တော ပြုန်းတီးမှုနှင့် မြစ်ချောင်းများ တိမ်းကောလာခြင်းတို့ကြောင့် ယခုနှစ်တွင် ရေကြီးမှုဒဏ်ကို ပိုမိုဆိုးရွားစွာ ခံစားနေရသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) တာဝန်ရှိသူက ပြောသည်။

အဆိုပါဒေသများတွင် ရေဘေးဒုက္ခအပါအဝင် စစ်ရေး ပဋိပက္ခပါ ရင်ဆိုင်ကြုံတွေ့ နေကြရသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။

“စစ်ဘေးက လေကြောင်း တိုက်ခိုက်မှုတွေ ခံရတဲ့ နေရာတွေရှိတယ်။ ဥပမာ ဆိုလို့ရှိရင် ကျိုက်မရောမြို့နယ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ရွာတွေ အခု ရေအောက်ထဲမှာရှိတဲ့ ရွာတွေ တော်တော်များများက စစ်ဘေး၊ ရေဘေး ပေါ့နော် တောက်လျှောက် ခံခဲ့ရတဲ့ နေရာတွေ ဖြစ်တယ်။ ရေးမြို့နယ်၊ ဘီးလင်း၊ ကျိုက်ထို ဆိုလည်း ထိုနည်း တူပဲ ဆိုတော့ အခုဟာ ဒီအာဏာသိမ်း အလွန် သုံးလေးနှစ်က နေရာတိုင်းနီးပါးက စစ်‌မြေပြင် ဖြစ်နေတယ် လေ။ အဲ့ စစ်မြေပြင်ထဲမှာ ထပ်တစ်ခါ ထပ်ပြီးတော့ သဘာဝပတ်ဝန်းကျင်ရဲ့ ဒီစိန်ခေါ်ချက်တွေ၊ ခြိမ်းခြောက်မှု တွေ ထပ်ပြီးတော့ ဖြစ်တဲ့အခါကြတော့ နှစ်ဆင့်နှစ်ပူး ဖြစ်သွားတယ်။“

မွန်ပြည်နယ်တွင် ရေဘေးကြောင့် ကလေးငယ်တစ်ဦးနှင့် လူကြီးတစ်ဦး သေးဆုံခဲ့ပြီး ဒေသခံများ၏ အိုးအိမ် အများအပြား ပျက်စီးခဲ့ကြသည်။

စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော် ကာလအတွင်း ယခုနှစ် ကြုံရသည့် ရေဘေးနှင့် စစ်ဘေးရှောင်များ အနေဖြင့် ကုန်ဈေးနှုန်း မြင့်တက်နေမှု၊ ကုန်ပစ္စည်း ပြတ်လပ်မှုနှင့် အကူအညီပေးရေးအဖွဲ့ နည်းပါးမှုတို့ကြောင့် စားနပ်ရိ က္ခာများ လိုအပ်နေဆဲ ဖြစ်သည်ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM)  မှ တာဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ်ရှိ ရေဘေးနှင့် စစ်ဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာများ လိုအပ်များအပြင် နေရာထိုင်ခင်း အတွက် အမိုးအကာနှင့် ဆေးဝါး အကူအညီများလည်း လိုအပ်နေသည်ဟု ဒေသတွင်း အကူအညီပေးနေသူများ က ဆိုသည်။

 

ဓါတ်ပုံ - ပုံဟောင်း
May 25, 2026
ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို...
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...