ဆားလင်းကြီး ရေဘေးသင့် ပြည်သူများ အကူအညီများ လိုအပ်

ဆားလင်းကြီး ရေဘေးသင့် ပြည်သူများ အကူအညီများ လိုအပ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ရေဘေးသင့် ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် သောက်သုံး ရေ၊ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေကြသည်။

ရေဘေးသင့် ပြည်သူများနှင့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ခံ မဖူးပွင့်ဝေက လိုအပ်မှုများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

မဖူးပွင့်ဝေ “အဓိကကတော့ ခုနေလောလောလတ်လတ်မှာကျတော့ ရေသန့်တို့ နောက်ပြီးကျတော့ ဒီဓာတ်ဆား တို့ ဓာတ်ဆားကလည်း ဒါ မရှိမဖြစ်လိုအပ်တဲ့ အထဲမှာပါတယ်။ နောက်ပြီးကြတော့ ဒီကျနော်တို့ ဘက်မှာက လုပ်ငန်းကိုင်ငန်းတွေ တနေ့လုပ် တနေ့စားတွေ ဆိုတော့ လုပ်ငန်းကိုင်ငန်း ရေထဲမိုးထဲဆိုတော့ မသွားနိုင်တဲ့ အခါ မျိုးမှာ စားနပ်ရိက္ခာပိုင်းကတော့ အဓိကလိုအပ်နေတဲ့ အပိုင်းပေါ့နော်‘’ ဟု ပြောသည်။

ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းတွင် ဇူလိုင်လဆန်းပိုင်းက စတင်ပြီး ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းဘေးနှင့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများသာမက စစ်ရှောင်စခန်းများနှင့် အရှေ့ရပ်က ကျေးရွာများ၌ပါ ရေဘေးသင့်ခဲ့ကြပြီး ပြည်သူသောင်းချီ ရေဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရသည်ဟု အကူ အညီ ပေးနေသူများက ပြောသည်။

လက်ရှိတွင် ရေဘေးသင့် ပြည်သူများသည် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်အခဲအပြင် နေရာထိုင်ခင်း အခက်အခဲများလည်း ကြုံတွေ့နေရသည့် မဖူးပွင့်ဝေက ဆက် ပြောသည်။

၎င်း “နေရာတွေကတော့ ဒါတချို့ဆိုလိုရှိရင် ဈေးဆိုင်တွေပေါ့နော် ပေလမ်းဘေးတွေက မြင့်တဲ့ခါမှာ ပေလမ်း ဘေးတွေက ဈေးဆိုင်တွေမှာ ခိုကပ်ပြီးတော့ မနေတော့တဲ့ မရောင်းတော့တဲ့ ဈေးဆိုင်တွေမှာ ခိုကပ်ပြီးတော့ နေကြတယ်။ နောက်ကြတော့ တချို့တွေ ဆိုလို့ရှိရင်တော့ နီးစပ်ရာ ဆွေမျိုးလေးတွေပေါ့ လွတ်မယ့် နေရာတွေ ကို နေကြတယ်။ တချို့တော့လည်း ဟိုနေရာ မလုံလောက်တဲ့ အခါမျိုးမှာ ဒီတိုင်းပဲ ဖျာလေးခင်းပြီးတော့ လွတ် တဲ့ နေရာလေးမှာ နေရတဲ့ဟာတွေလည်း အများကြီးပဲ ရှိတယ်ဗျ” ဟု ပြောသည်။

ပြည်သူများသည် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ကိုပါ ကြုံတွေ့ ခံစားနေရသောကြောင့် လိုအပ်ချက်များစွာ ရှိနေသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် အလှူရှင်များက ကူညီထောက်ပံ့ပေးရန် မဖူးပွင့်ဝေက တောင်း ဆိုသည်။

လက်ရှိတွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် တဖြည်းဖြည်း ပြန်ကျလာနေပြီ ဖြစ်သော်လည်း စိုးရိမ် ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းတာချက်များအရ ဧရာဝတီ၊ ချင်းတွင်း နှင့် ဒုဌဝတီမြစ် တို့ ရေမြင့်တက်မှုကြောင့် ဇူလိုင်လဆန်းပိုင်း ကတည်းက မြို့ပေါင်း ၂၀ ကျော်သည် စိုးရိမ်ရေမှတ်တွင် ရှိနေခဲ့ သည် ဟု ထုတ်ပြန်ထားသည်။

Most read this week

September 2, 2026
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ရဲ၊...
September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...