နှစ်လအတွင်း စစ်တွေဒေသခံ ၇၀၀ ထက်မနည်းကို စစ်ကောင်စီဖမ်းဆီး

နှစ်လအတွင်း စစ်တွေဒေသခံ ၇၀၀ ထက်မနည်းကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ နှစ်လတာအတွင်း စစ်ကောင်စီကဒေသခံ ၇၀၀ ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၃၀၀ ခန့်သာ ပြန်လွတ်လာသေးကြောင်း DMG မှ ပြုစုထားသော စာရင်းအရ သိရသည်။

ဒေသခံ ၄၀၀ ခန့်မှာ ဆက်လက်ဖမ်းဆီးခံထားရပြီး ယင်းအထဲမှတချို့ကို အမှုဖွင့်အရေးယူထားကာ တချို့မှာ မည်သည့်ပုဒ်မဖြင့် အရေးယူခံထားရသည်ကို မသိရသည့်အပြင် အဆက်အသွယ်လည်းမရကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ ရခိုင်နဲ့ဆက်စပ်လို့ တက်တူးထိုးထားတဲ့သူတွေကို ပြန်မလွှတ်ပေးဘူး။ ရွာက ၈ ယောက် အခုချိန်ထိ လွတ်မလာသေးဘူး။ အဆက်အသွယ်လည်းမရဘူး။ မိသားစုတွေကလည်း သွားမစုံစမ်းရဲဘူးဖြစ်နေကြတယ် ” ဟု အမြင့်ကျွန်းကျေးရွာမှ လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်တွင် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ ဒေသခံ ၄၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်မှာ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၈ ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့သည်။

စစ်ကောင်စီက စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းဝင်ရောက်ပြီး ဒေသခံများကို သံသယဖြင့်ဖမ်းဆီးခြင်း၊ မြို့ပေါ်တွင်လည်း ဧည့်စာရင်းအကြောင်းပြ၍ လူအစုအလိုက်အပြုံလိုက် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။

“လွတ်လာသူတွေလည်းရှိတယ်။ မလွတ်တဲ့သူတွေက ပုဒ်မ ၁၇(၁)နှင့် အမှုဖွင့်ခံထားရတယ်။ သူတို့မှာ ဘာအပြစ်မှ မရှိပေမယ့်လည်း AA နဲ့ဆက်စပ်တယ်ဆိုပြီး တရားစွဲခံရတာ” ဟု မင်းဂံရပ်ကွက်မှ ဖမ်းဆီးခံထားရသူ၏မိသားစု အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၂၀၀ ခန့်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ၁၅၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၅၀ ဦးထက်မနည်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဗျိုင်းဖြူကျေးရွာမှ ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်မှာလည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အဆက်အသွယ်မရသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

“အမှတ် ၁ ရဲစခန်းမှာ သွားမေးရင်လည်းမရှိဘူး။ တခြား လွတ်လာသူတွေကိုမေးရင်လည်း မတွေ့ခဲ့ဘူးလို့ ပြောတယ်။ ဘယ်ကိုသွားလို့ ဘယ်မှာရှာရမလဲ မသိတော့ဘူး” ဟု ဗျိုင်းဖြူရွာမှ ဖမ်းဆီးခံထားရသူ၏ မိသားစုဝင် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်လအတွင်း စစ်တွေမြို့နယ်အနီးရှိ ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံများကို စစ်ကောင်စီက မြို့ပေါ်သို့ အတင်းအဓမ္မရွှေ့ပြောင်းခဲ့ပြီး၊ ၎င်းတို့မှာ စားဝတ်နေရေးအပြင် လုံခြုံရေးပိုင်းမှာပါ ခြိမ်းခြောက်ခံနေရသည်။

ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “စစ်တွေမြို့ဟာ လူနေထိုင်ဖို့မကောင်းတော့တဲ့ နေရာတစ်ခုဖြစ်နေပြီ။ လမ်းအကုန်လုံးကို ပိတ်ဆို့ပြီး ပြည်သူတွေကို လုပ်ချင်သလို လုပ်နေတာ။ အဲဒီမှာရှိတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာပါ” ဟု ပြောသည်။

စစ်တွေမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားပြီး AA ကလည်း မြို့ကို ဖြတ်တောက်ပိတ်ဆို့ထားကာ နှစ်ဖက်စစ်ရေးတင်းမာနေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...