အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားရန် AA တပ်မှူးချုပ်က ရခိုင်ပြည်သူများကို တိုက်တွန်း

အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားရန် AA တပ်မှူးချုပ်က ရခိုင်ပြည်သူများကို တိုက်တွန်း
(ပိတ်မိနေသည့် စစ်တွေ၊ ကျောက်ဖြူဒေသခံများ နည်းလမ်းရှာပြီး မြို့မှထွက်ကြရန်ပြော)
(ပိတ်မိနေသည့် စစ်တွေ၊ ကျောက်ဖြူဒေသခံများ နည်းလမ်းရှာပြီး မြို့မှထွက်ကြရန်ပြော)

ရခိုင်ပြည်အတွင်း၌ရှိနေသည့် ပြည်သူများအနေဖြင့် အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာများကို ပြင်ဆင်ကြရန် ယနေ့ ဧပြီလ ၁၀ ရက်နေ့ (၁၅) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပေးပို့သည့် သဝဏ်လွှာမှတစ်ဆင့် တိုက်တွန်းလိုက်သည်။

လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူမြို့တို့မှ ပြည်သူများအနေဖြင့်လည်း ဘေးလွတ်မည့်နေရာများတွင် လာရောက်တိမ်းရှောင်ကြရန် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောထားသည်။

“စစ်တွေ၊ ကျောက်ဖြူတို့လို ရန်သူထိန်းချုပ်နယ်မြေမှာ ပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့ မကြာမီအချိန်အတွင်းမှာ အဆင်ပြေတဲ့နည်းလမ်းအမျိုးမျိုးနဲ့ လွတ်မြောက်နယ်မြေတွေမှာ လာရောက်နေထိုင်ကြဖို့ အကြံပြုလိုပါတယ်။ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတွေကို ပြင်ဆင်ရပါမယ်” ဟု သဝဏ်လွှာတွင် ပါရှိသည်။

လက်ရှိတွင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ရှိ ဒေသခံများကို စစ်ကောင်စီက ပိတ်ဆို့ထား၍ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲများရှိနေကြသည်။

ကျောက်ဖြူမြို့ခံတစ်ဦးက “မြို့မှာ လူသိပ်မရှိတော့ဘူး။ ကျောက်ဖြူမှာ တိုက်ပွဲဖြစ်မယ်ဆိုပြီး ပြောနေကြလို့ ရတဲ့နည်းနဲ့ ထွက်ပြေးသွားကြတာ။ ကျနော်တို့မိသားစုကတော့ လမ်းကြောင်းအဆင်မပြေသေးလို့ မြို့ထဲမှာပဲ ပိတ်မိနေသေးတယ်” ဟု ပြောသည်။

ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီသည် ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ထားသဖြင့်  တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာရန် အခက်အခဲများစွာရှိနေကြပြီး လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူမြို့၌ ဒေသခံအများအပြား ပိတ်မိနေကြသည်။

စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် အခက်အခဲများစွာဖြင့် ဆင်းရဲဒုက္ခရောက်နေသည့် ပြည်သူကို AA တပ်ဖွဲ့ဝင်များအနေဖြင့် အကောင်းဆုံးကူညီကာကွယ်ပေးရန် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တိုက်တွန်းထားသည်။

စစ်ကောင်စီသည် စစ်မြေပြင်အတွင်း လူမဆန်ယုတ်ညံ့သည့် အကြမ်းဖက်နည်းလမ်းပေါင်းစုံဖြင့် ရခိုင်ဒေသကို အလုံးစုံပျက်သုဉ်းအောင် တိုက်ခိုက်နေကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုထားသည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “စစ်ကောင်စီက အဘက်ဘက်မှာရှုံးနေတော့ ရခိုင်ပြည်သူတွေကို အဆုံးစွန်ထိ ဒုက္ခပေးသွားမှာ။ အခုဆိုရင် AA တပ်မှူးချုပ်ကိုယ်တိုင် သတိပေးလာပြီဆိုတော့ ပြည်သူတွေအနေနဲ့ ဖြစ်နိုင်သမျှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြဖို့ လိုအပ်လာပြီ” ဟု ပြောသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA) သည် မြို့နယ်(၉)ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဘူးသီးတောင်၊ မောင်တောနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...