စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်နေသော မွတ်ဆလင်တစ်ဦးနှင့် အင်တာဗျူး

စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်နေသော မွတ်ဆလင်တစ်ဦးနှင့် အင်တာဗျူး

နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြဌာန်းလိုက်သည်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်ကောင်စီသည် ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေပြီး စစ်သင်တန်ပေးကာ စစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိသည်။

ရခိုင်ပြည်တွင်လည်း ရခိုင်ပြည်သူများအပါအဝင် မွတ်ဆလင်များကို စစ်ကောင်စီက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းစစ်မြေပြင်သို့ အတင်းပို့ဆောင်နေသဖြင့် မွတ်ဆလင်အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

စစ်မှုမထမ်းလို၍ ထွက်ပြေးနေသော မွတ်ဆလင်များထဲမှ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦးကို DMG က ဆက်သွယ်မေးမြန်းထားသည်။ လုံခြုံရေးအရ အင်တာဗျူးဖြေဆိုသူ၏ အမည်ကို ဖော်ပြနိုင်ခြင်းမရှိပေ။

DMG - ကျောက်တလုံးဒုက္ခသည်စခန်းက မွတ်ဆလင်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အသိပေးလာတဲ့ အခြေအနေကို ပြောပြပေးပါ။

ကျနော်တို့ကို စစ်မှုထမ်းအတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့က စပြီးအသိပေးတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အတင်းအကြပ်ဖြစ်လာတယ်။ အသက်ပြည့်တဲ့သူတွေ တစ်အိမ်တစ်ယောက်ကျ အကုန်လာရမယ်လို့ ပြောတယ်။ ဉပဒေမှာ သူတို့ပြဌာန်းထားတာက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိပဲ သတ်မှတ်ထားတာ။ အခုကျနော်တို့ ဒုက္ခသည်စခန်းမှာခေါ်တာကျတော့ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အထိ အကုန်ခေါ်တာ။

DMG - စစ်မှုထမ်းဖို့ အသိပေးပြီးနောက်မှာ ဘာကြောင့်ထွက်ပြေးလာရတာလဲ။

စစ်ကောင်စီက အစကတည်းက ကျနော်တို့ကို ခိုးဝင်ဘင်္ဂလီတွေဆိုပြီးတော့ ပြောတယ်။ လက်ရှိ မဖြစ်သာလို့ စစ်မှုထမ်းနေရသူတွေမှာတောင် တော်တော်များများမှာ မှတ်ပုံတင်မရှိကြဘူး။ အစက ခိုးဝင်ဘင်္ဂလီတွေလို့ ပြောပြီးတော့  စစ်မှုထမ်းဉပဒေထုတ်ပြီးမှ “မင်းတို့က နိုင်ငံသားတွေပါ။ စစ်မှုထမ်းကိုထမ်းရမယ်။ နိုင်ငံအတွက် အလုပ်လုပ်ပေးရမယ်” ဆိုတာကတော့ မတရားဘူးလို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့က စစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်တဲ့အတွက် ထွက်ပြေးလာတာ။

DMG - စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

ကျနော်တို့ ကျောက်တလုံး IDP Camp ကနေ လမ်းမကြီးအတိုင်း ထွက်ပြေးလာလို့မရတဲ့အတွက် တောလမ်းကြောင်းကနေ ထွက်ပြေးလာတယ်။ အဲဒီမှာ AA တာဝန်ခံတွေနဲ့ တွေ့ပြီးတော့ ကျနော်တို့ကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတဲ့အတွက် ထွက်ပြေးလာတာလို့ ပြောတယ်။ အခုကတော့ AA ထိန်းချုပ်ထားတဲ့နေရာတွေမှာ ခိုလှုံနေတယ်။ စားဝတ်နေရေးအပိုင်းတွေမှာလည်း AA က အဆင်ပြေအောင်တော့ လုပ်ပေးထားတယ်။

DMG - အခုက တိမ်းရှောင်နေရတာဆိုတော့ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဒီမှာက အလုပ်အကိုင်မရှိဘူးဆိုတော့ အသိမိတ်ဆွေတွေကလည်း သိပ်မထောက်ပံ့နိုင်ကြဘူး။ ကိုယ်ဟာကိုယ်တော့ ရှိတာလေးနဲ့စားနေကြတာပဲ။ AA ကတော့ စားဝတ်နေရေးအပိုင်းရော၊ အလုပ်အကိုင်အပိုင်းတွေမှာလည်း တတ်နိုင်သလောက် အဆင်ပြေအောင်တော့ လုပ်ပေးထားတယ်။

DMG - စစ်မှုမထမ်းဘဲ ထွက်ပြေးသွားသူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ခြိမ်းခြောက်ဖမ်းဆီးတာတွေ ရှိတယ်လို့ သိရတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်လို့ ပြောပြပေးပါ။

ကျနော်တို့ ထွက်ပြေးလာတဲ့သူတွေထဲက ၄ ယောက်လောက်ရဲ့ မိသားစုတွေကို ဖမ်းဆီးခဲ့တာရှိတယ်။ ကောင်လေးတစ်ယောက်မှာဆိုရင် သူ့အဖေကလေဖြတ်ထားတာ။ နောက် မျက်စိတစ်ဖက်လည်း ခွဲထားရတယ်။ သူ့မိဘနှစ်ယောက်စလုံးကို ဖမ်းသွားတာ။ နောက်တစ်ယောက်မှာဆိုရင်လည်း အဖေကို ဖမ်းသွားတယ်။ နောက်တစ်ယောက်မှာဆိုရင် မွေးကင်းစကလေး ၁၅ ရက်ပဲ ရှိသေးတယ်။ မွေးကင်းစကလေးနဲ့ မိန်းမကို အချုပ်ကားနဲ့ ခေါ်သွားတာ။

နောက်တစ်ယောက်မှာဆိုရင် ၁ နှစ်ခွဲသားနဲ့ မိန်းမကို ခေါ်သွားတာ။ ကျနော်တို့ကို AA ထိန်းချုပ်နယ်မြေသို့ မပို့ခင်တစ်ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ အသက်ကြီးကြီးနဲ့ လေဖြတ်ထားတဲ့ လင်မယားနှစ်ယောက်ကိုတော့ စခန်းထဲကို ပြန်ဝင်ခိုင်းတယ်။ တခြားသူတွေကိုတော့ ပြန်မဝင်ခိုင်းဘူး။ စခန်းက လက်မခံဘူး၊ နေလို့မရဘူးဆိုပြီး အတင်းနှင်ထုတ်တယ်။ အမျိုးသမီးနှစ်ယောက်နဲ့ ကလေးတစ်ယောက်ကတော့ ကျနော်တို့နဲ့ အတူပါလာတယ်။ တခြားသူတွေက ဂုံးချိန်ရွာဖက်မှာ နေထိုင်နေကြတယ်လို့ သိရတယ်။

DMG - လက်ရှိ ကျောက်တလုံးစခန်းက မွတ်ဆလင်တွေ စစ်မှုထမ်းနေရတဲ့ အခြေအနေကိုလည်း သိရသလောက် ပြောပြပေးပါ။

စစ်မှုထမ်းဖို့ခေါ်သွားတာက အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အထိ အကုန်လုံး လူ ၁၁၇ ယောက်ပါသွားတယ်။ သူတို့ကို စစ်ကောင်စီ ခမရ ၅၄၂ တပ်ရင်းမှာ ၁၄ ရက် သင်တန်းပေးတယ်လို့ သိရတယ်။ အခုကတော့ လူ ၁၇၇ ယောက်ထဲက လူ ၅၀ ကို လုံခြုံရေးစောင့်တဲ့ပုံစံလိုမျိုးပေါ့။ စစ်သားတွေနဲ့ရောပြီး င/လပွေ့၊ စိုင်ခြုံကူးတိုးဆိပ်၊ မလကျွန်း၊ ပြင်ဖြူမော်၊ ပြိုင်စိပ်ကေ၊ ထောင်ရှည် အဲဒီနေရာတွေမှာ  လူ ၅၀ ကို ပို့ထားတယ်။ အဲဒီ ၅၀ က အဲဒီစစ်ဆေးရေးဂိတ်တွေမှာ ၁၅ ရက် ကင်းစောင့်ရမယ်။ ပြီးရင် တပ်ရင်းကို ပြန်ပို့မယ်။ ပြီးတော့ နောက် ၅၀ ကို အဲဒီဂိတ်ကို ပြန်ခေါ်မယ်ဆိုပြီးတော့ သတင်းကြားရတယ်။

DMG - လက်ရှိ ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေရဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

လက်ရှိ ကျောက်တလုံးဒုက္ခသည်စခန်းရဲ့ အခြေအနေက စစ်မှုထမ်းနေတဲ့သူတွေရဲ့ မိသားစုဝင်တွေဆိုရင် ကျောက်ဖြူမြို့ပေါ်ကို လွတ်လွတ်လပ်လပ်သွားလာလို့ ရတယ်။ ထွက်ပြေးလာတဲ့သူတွေရဲ့ မိသားစုဝင်တွေဆိုရင် စခန်းကနေ အပြင်ကို မထွက်ရဘူးလို့ သိရတယ်။

အခုလို DMG ကို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Most read this week

May 1, 2024
ရခိုင်ပြည်၊ မောင်တော - ဘူးသီးတောင် ကားလမ်းမရှိ စစ်ကောင်စီစခန်း ၂ ခုကို အာရက္ခတပ်တော်(AA) က ဧပြီလ...
May 1, 2024
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့်...
April 30, 2024
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက...
April 30, 2024
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သားနှင့်...