စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော ကျောက်ဖြူမြို့တွင် ခိုးဆိုးလုယက်မှု ပေါများနေ

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော ကျောက်ဖြူမြို့တွင် ခိုးဆိုးလုယက်မှု ပေါများနေ

စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုများကို ကန့်သတ်ပိတ်ပင်ကာ လုံခြုံရေးတင်းကြပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ခိုးဆိုးလုယက်မှုဖြစ်စဉ်များ ပေါများလာနေကြောင်း သိရသည်။

ခိုးဆိုးလုယက်သူများသည် အုပ်စုလိုက်ဖွဲ့ကာ မြို့ပေါ်ရပ်ကွက်ရှိနေအိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိ အကြမ်းဖက်ဆန်သောလုပ်ရပ်များ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၃ ရက်၊ ညအချိန်တွင် ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်ရှိ ဦးမောင်ရွှေသန်းဆိုသူနေအိမ်ကို လူငယ်ပိုင်းအမျိုးသား ၅ ဦး ဝင်ရောက်လာပြီး ဓားဖြင့်ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်းကို လုယူသွားခဲ့သည်။

“ည ၉ နာရီလောက်မှာ လူ ၅ ယောက် နေအိမ်ခြံစည်းရိုးကို ချိုးဖျက်ဝင်လာပြီး အိမ်သားတွေကို ဓားနဲ့ခြိမ်းခြောက်လို့ ကျနော့်ဦးလေးရဲ့ ဦးခေါင်းမှာ ဓားဒဏ်ရာရသွားတယ်။ ပြီးတော့ အားသွင်းထားတဲ့ ဖုန်းကိုယူသွားကြတယ်” ဟု လုယက်ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ရှိ မြစ်နားတန်း၊ တိုးချဲ့၊ အရာရှိ၊ စေတီတောင်ကွင်းနှင့် ကုလားဘာတောင်ရပ်ကွက်တို့တွင် ပြီးခဲ့သည့် မတ်လအတွင်း လုယက်မှု ၅ ကြိမ်အထက်နှင့် နေအိမ် ၂၀ ထက်မနည်း ဖောက်ထွင်းခံခဲ့ရကြောင်း DMG စုံစမ်းချက်အရ သိရသည်။

ကျောက်ဖြူမြို့အနှံ့တွင် စစ်ကောင်စီက လုံခြုံရေးချထားခြင်း၊ လှည့်ကင်းပတ်ခြင်း၊ ကင်းကုန်းစောင့်ကာ လုံခြုံရေးတင်းကြပ်ထားသော်လည်း ခိုးဆိုးလုယက်မှုများ ပြောင်ပြောင်တင်းတင်းကျူးလွန်မှု ရှိနေခြင်းဖြစ်သည်။

“ဆိုင်အပြင်ဘက်မှာ သော့ခတ်ပြီးပုံထားတဲ့ ဆောက်လုပ်ရေးသံထည်ပစ္စည်း ၂ တန်နီးပါးလောက်ကို ပြောင်ပြောင်တင်းတင်းပဲ ဘေးတွဲ၊ ထော်လာဂျီတွေနဲ့ ခိုးယူသွားကြတယ်။ ခိုးတဲ့လူတွေက အုပ်စုနဲ့ဆိုတော့ ကိုယ့်ကိုအန္တရာပေးမှာစိုးလို့ မြင်တဲ့သူတွေကလည်း မမြင်ဟန်ဆောင်နေကြရတယ်” ဟု ကျောက်ဖြူမြို့မှ မြသံထည်ဆိုင်ပိုင်ရှင် ဦးကျော်လွင်ဦးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ကျောက်ဖြူမြို့အဝင်အထွက် ဂိတ်အားလုံးကို ပိတ်ကာ လမ်းခရီးသွားလာခွင့် ပိတ်ပင်လိုက်သဖြင့် ဒေသခံများမှာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ရိက္ခာပြတ်တောက်မှုဒဏ်ကို ခံစားနေကြရသည်။

ထို့ကြောင့် ဒေသခံများမှာ မိသားစုစားဝတ်နေရေးခက်အခဲကို ဆိုးရွားစွာကြုံတွေ့လာရသဖြင့် တချို့မှာ ခိုးဆိုးလုယက်သည်ထိ ရာဇတ်မှုများ ကျူးလွန်လာရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

“မြို့ကိုပိတ်ထားတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း မရှိတော့ဘူး။ စားသောက်ကုန်ဈေးနှုန်းတွေကလည်း ခေါင်ခိုက်နေတယ်။ ကြာရင် ဒီထက်ပိုဆိုးလာဖို့ပဲရှိမယ်” ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

တကျော့ပြန် ရခိုင်စစ်ရေးကာလအတွင်း ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား ထိတွေ့တိုက်ပွဲ (၄)ထက်မနည်းရှိခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်မာလျက် ရှိသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...