အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျုဟာနှင့် စခန်းအချို့ကို AA ထိုးစစ်ဆင်နေ

အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျုဟာနှင့် စခန်းအချို့ကို AA ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျုဟာအပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်(AA) က ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

၎င်းစစ်ကောင်စီစခန်းများသည် ရခိုင်စစ်ပွဲကာလများအတွင်း ပြည်သူများကို နှစ်လကြာရှည် ဒုက္ခပေးနေသော စစ်စခန်းများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အဲဒီတောဟိန်းတောင်ပေါ်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေကျလို့ ပြည်သူတွေ အသက်ဆုံးရှုံးသွားရတာ မနည်းတော့ဘူး။ တိုက်ပွဲဖြစ်တိုင်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပြည်သူတွေမှာလည်း အသက်အိုးအိမ်တွေ ထပ်ပြီး ဆုံးရှုံးမှာ ကြောက်လန့်နေရတယ်” ဟု အမ်းဒေသခံ တစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများကို AA က မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

မတ်လ ၃၁ ရက်ကလည်း အမ်းမြိုနယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင် စစ်ကောင်စီတပ် နှင့် AA တို့ တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ မျက်မြင်(၄) ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့တွင် AA က ထုတ်ပြန်သည်။

မတ်လ ၂၆ ရက်ကလည်း လုံးကျေးရွာအနီးတွင် စကခ (၅)လက်အောက်ခံ ခမရ (၃၄၆) စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

“တိုက်ပွဲတွေ ပြင်းထန်နေလို့ လက်နက်ကြီးပစ်သံတွေ နေ့တိုင်းကြားရတယ်။ ဒေသခံတွေမှာတော့ စိုးရိမ်စိတ်တွေနဲ့ နေကြရတာပေါ့” ဟု အမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိကြောင်း သိရသည်။

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ရက်မျှရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...