ယခုနှစ်သင်္ကြန်ကာလတွင် ခရီးသွားလာမှုကန့်သတ်ချက်နှင့် တိုက်ပွဲများကြောင့် ငပလီကမ်းခြေသို့ လာရောက်လည်ပတ်သူ လွန်စွာနည်းပါး

ယခုနှစ်သင်္ကြန်ကာလတွင် ခရီးသွားလာမှုကန့်သတ်ချက်နှင့် တိုက်ပွဲများကြောင့် ငပလီကမ်းခြေသို့ လာရောက်လည်ပတ်သူ လွန်စွာနည်းပါး
ယခင်နှစ်များ သကြင်္န်ကာလ ငပလီကမ်းခြေလာရောက်လည်ပတ်သူများ (ဓာတ်ပုံ- Narinjara/ Myanmar Digital News/ Internet)
ယခင်နှစ်များ သကြင်္န်ကာလ ငပလီကမ်းခြေလာရောက်လည်ပတ်သူများ (ဓာတ်ပုံ- Narinjara/ Myanmar Digital News/ Internet)

စစ်ကောင်စီ၏ ခရီးသွားလာမှုကန့်သတ်ချက်နှင့် ရက္ခိုင့်တပ်တော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ယခုနှစ်သင်္ကြန်ကာလတွင် ငပလီကမ်းခြေရှိ ဟိုတယ်များကို အခန်း ဘိုကင်လုပ်သူ ၃၀ ရာနှုန်းသာရှိပြီး လာရောက်လည်ပတ်သူ လွန်စွာနည်းပါးလျက်ရှိကြောင်း သတင်းရရှိသည်။

ယခင်နှစ် မတ်လနှင့်ဧပြီ သင်္ကြန်ကာလအတွင်းက ငပလီသို့ ပြည်တွင်းပြည်ပ ခရီးသွားသူ ၈၀ ရာခိုင်နူန်း ထိရှိခဲ့ပြီး ယခုနှစ်တွင် ၃၀ ရာခိုင်နူန်းခန့်သာလာရောက်လည်ပတ်နိုင်ရန် ခန့်မှန်းသည်ဟု ဟိုတယ်မန်နေဂျာ တစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

“ ပုံမှန် သင်္ကြန်အတွင်းဆိုရင် ၈၀ ရာခိုင်နူန်းလောက် လာလည်တာကနေ ခုနှစ် သင်္ကြန်ကတော့  ၃၀ ရာနူန်းလောက်ပဲ လာလည်ဖြစ်တဲ့ ပုံစံမျိုးပေါ့။ အရင်နှစ်တွေကဆို ဟိုတယ်တိုင်းလိုလို လူပြည့်တယ်လို့ ပြောလို့ရပါတယ်။ ခါတိုင်းနှစ်တွေဆိုရင် အခုအချိန်ကစပြီး စည်နေပြီ ”ဟုပြောသည်။

ယခုနှစ် လာမည့် သင်္ကြန်ပွဲတော်အတွင်း ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှခရီးသည် ငပလီသို့ အနည်းငယ်သာ လာရောက်ရန် ဘိုကင်ယူထားကြသည်ဟု  နောက်ထပ် ဟိုတယ်မန်နေဂျာ တစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“အခုတော့ မရောက်ကြသေးပေမယ့် ဒီလကုန်ပြီး ၁၀ ရက်နေ့လောက်ဆိုလို့ရှိရင် သင်္ကြန်ခရီးသွားရှိပါတယ်။ ဟိုတယ် ၂ လုံး ၃ လုံးလောက်မှာ ဘိုကင်တော့ပြည့်နေပြီ။ ကျန်တဲ့ ဟိုတယ်ကတော့ အဖွင့်ပြထားတယ်။ ဧည့်သည်မရှိဘူး။ အထက်က ဖွင့်ဖို့အမိန့်ပေးထားတယ် ”ဟုပြောသည်။

ငပလီကမ်းခြေ၏ဟိုတယ်ဇုန်၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ အလုံး (၅၀) ခန့်ရှိပြီး ယခုနှစ် ခရီးသွားရာသီအတွင်း ရခိုင်ပြည်အတွင်းသို့ နိုင်ငံခြားသားခရီးသည်များလည်း လာရောက်ခြင်း မရှိကြောင်း ဒေသခံများကပြောသည်။

ငပလီ- ရန်ကုန် လေယာဥ်လက်မှတ်တစ်စောင်ကို ငွေကျပ် ၁၈၀၀၀၀ မှငွေကျပ် ၂၂၀၀၀၀ အထိရှိနေပြီး ခရီးသွားပြည်သူများအား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ရဲထောက်ခံချက်များပါမှ ခရီးသွားခွင့်ပြုသဖြင့် ငပလီသို့ လာရောက်လည်ပတ်သူ  ခရီးသွားလာသူ အထူးနည်းပါးလျက်ရှိသည်။

လက်ရှိ သံတွဲ၊ငပလီနှင့်ဂွဖက်တွင် ခရီးသွားလာသူများကို လည်း စစ်ဆေးမှုများတင်းကျပ်နေပြီး ပြည်မဖက်သို့သွားမည်ဆိုပါကလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးမှုများရှိသည်ဟု ဂွဒေသခံတစ်ဦးက ပြောသည်။

“ အဓိက ၁၁မျဥ်းစောင်းတွေကို ရန်ကုန်ကနေ ငပလီကိုလာရင်ဘဲဖြစ်ဖြစ်၊  ငပလီ ကနေ ရန်ကုန်ကို သွားရင်ဖြစ်ဖြစ် စစ်ဆေးမှုတင်းကျပ်တာတွေရှိတယ်။ ဘယ်က လာလဲ၊ဘယ်ကိုသွားမလဲစသဖြင့် မေးမြန်းစစ်ဆေးတယ်။ ရပ်ကွက် ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာ အကုန်မေးတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ဖုန်းဆက်ပြီး မေးတယ်။ သူက ရပ်ကွက်မှာနေတာ ဟုတ်ရဲ့လား၊ မှန်ရဲ့လား ဆိုပြီး။အခုဆိုရင် ဒီရခိုင်ဘက်ကနေ ရန်ကုန်တို့၊မန္တလေးတို့ဖက်ကို သွားမယ်ဆိုရင် တော်တော် စစ်ဆေးတယ်။ လေကြောင်းနဲ့ အရေးကြီးလို့ သွားမယ်ဆိုတောင် သိပ်ခွင့်မပြုတဲ့ သဘောဖြစ်နေတယ် “ ဟုပြောသည်။

လက်ရှိ ရခိုင်သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးကို နိရဉ္စရာသတင်းဌာနက  ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသအခြေအနေကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းနေသည့်အတွက် သတင်းထုတ်ပြန်လို့မရကြောင်း ဖြေဆိုခဲ့သည်။

“ ခုလောလောဆယ်ဘာမှ ပြောလို့ မရသေးသလို ထုတ်ပြန်လို့မရသေးဘူး။ သူတို့ပြောတဲ့ Tourism  ခရီးသွားလုပ်ငန်းက အခုက ဘာမှ လုပ်လို့မရတာ” ဟုပြောသည်။

ငပလီတွင် ရုရှားခရီးသွားများဖြင့် ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ဟုဆိုကာ  စစ်ကောင်စီ အစီအစဉ်ဖြင့် ရုရှားခရီးသွားအဖွဲ့ဝင် ၁၀ ဦးသည် ငပလီကမ်းခြေသို့ ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က ရှေ့ပြေးအဖြစ် ရောက်ရှိလာခဲ့သော်လည်း လက်တွေ့တွင် အဆိုပါ အစီအစဉ်မှာလည်း လေထဲတွင် ပျောက်သွားခဲ့သည်ဟု ဒေသခံစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယခုနှစ်ခရီးသွားရာသီအတွက် ပြည်တွင်း ပြည်ပခရီးသွားများအနေဖြင့် ဦးစားပေးသွားရောက်လည်ပတ်နိုင်သည့် ဒေသ ၁၄ ခုကို ထုတ်ပြန်ခဲ့ရာတွင် ရခိုင်မှ ကျောက်ဖြူ၊ ငပလီ၊ မာန်အောင်မြို့တို့ ပါဝင်သော်လည်း ပြည်တွင်း ပြည်ပခရီးသွားဝင်ရောက်မှု လုံး၀ မရှိသလောက်ဟု သိရသည်။

Most read this week

May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...