စစ်ကောင်စီ လက်နက်ကြီးကြောင့် ကမ်းထောင်းကြီးမြို့တွင် ဒေသခံ ၅ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကမ်းထောင်းကြီးမြို့တွင် ဒေသခံ ၅ ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားပြီး ယင်းအထဲမှ ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

ယနေ့ မတ်လ ၂၉ ရက်၊ နံနက် ၆ နာရီခန့်နှင့် နေ့လယ် ၁၂ နာရီခန့်တွင် အမ်းမြို့နယ်ရှိ ကဇုကိုင်းတပ်ရင်းနှင့် ရေတပ်တို့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

“ဒဏ်ရာရသူတွေထဲမှာ ခြေထောက်ပြတ်ပြီးတော့ တော်တော်လေး ဒဏ်ရာပြင်းတဲ့ လူနှစ်ယောက်ပါတယ်လို့ သိရတယ်။ လုံခြုံမှုမရှိသေးတာကြောင့် ထွက်ပြေးနေတဲ့ လူတွေလည်း ဘယ်သူမှ မြို့ထဲကို မဝင်ရဲသေးဘူး” ဟု ကမ်းထောင်းကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ မအေးအေးမြင့် (၁၄) နှစ်၊ မောင်သူရိန်စိုး (၁၈) နှစ်၊ မောင်မျိုးဆက် (၂၃) နှစ်၊ ဒေါ်မအေး (၄၂) နှစ်နှင့် ဦးမောင်အေး (၄၂) နှစ်တို့ဖြစ်သည်။

ယင်းအထဲမှ မအေးအေးမြင့်မှာ ညာဖက်လက် ပြတ်လုနီးပါးဖြစ်သွားပြီး၊ မောင်သူရိန်စိုးမှာ ညာဖက်ခြေထောက် ပြတ်တောက်သွားသဖြင့် အသက်အန္တရာယ်စိုးရိမ်ရပြီး အရေးပေါ်ကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မတ်လ ၂၄ ရက်ကလည်း ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဆေးရုံအဆောက်အဉီးများ ပျက်စီးသွားကာ ကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မြေပုံမြို့နယ်တွင် ယနေ့နံနက် ၆ နာရီကျော်က လီသွန်ကျေးရွာနှင့် စညှင်းကျေးရွာ တို့ကိုလည်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“လေကြောင်းနဲ့လာပစ်လို့ အကုန်လုံးထွက်ပြေးနေကြတယ်။ ရွာအနီးကတောင်ကို လက်နက်ကြီးကျတာတွေ ရှိတယ်။ ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရတယ်”  ဟု လီသွန်ကျေးရွာသားတစ်ဦးက ပြောသည်။

မတ်လ ၂၈ ရက်က လီသွန်ကျေးရွာ အရှေ့မြောက်ဘက်တောင်ကြောတွင် စစ်ကောင်စီ၏ ခမရ (၅၆၃) တပ်ရင်းနှင့် AA တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည့် မြေပုံမြို့နယ်နှင့်ထိစပ်နေသာ အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြေပုံမြို့နယ်တွင် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်ရှိနေသည်။

မြေပုံမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် မတ်လ ၂၂ ရက်က ညောင်ကန်ကျေးရွာမှ ဒေသခံ ၅ ဦး ဒဏ်ရာရှိသွားပြီး မတ်လ ၂၃ ရက်ကလည်း သရက်တောင်ကျေးရွာမှ ဒေသခံ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ဒေသတွင် စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်းများဖြင့် အရပ်သားများနေထိုင်ရာ မြို့၊ ရွာများကို ဦးတည်ပစ်ခတ်နေ၍ ထိခိုက်သေဆုံးမှုများ နေ့စဉ်ရက်ဆက်ရှိနေသည်။

ပုံစာ - စစ်ကောင်စီလက်နက်ကြီးကြောင့် ဒဏ်ရာရရှိသွားသည့် ကမ်းထောင်းကြီးမြို့ ဒေသခံများ။ ဓာတ်ပုံ - APM

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...