စစ်ကောင်စီက စစ်တွေမှ မွတ်ဆလင် ၂၀ ကျော်ကို စစ်မှုထမ်းရန်ထပ်မံဖမ်းဆီး

စစ်ကောင်စီက စစ်တွေမှ မွတ်ဆလင် ၂၀ ကျော်ကို စစ်မှုထမ်းရန်ထပ်မံဖမ်းဆီး

( လက်ရှိစစ်သင်တန်း တက်ရောက်နေသည့် မွတ်ဆလင်ဦးရေ အနည်းဆုံး ၆၀၀ ကျော်ခန့်ရှိနိုင်ဟုဆို)

ရခိုင်ပြည်မြို့တော် စစ်တွေမြို့နယ်မှ မွတ်ဆလင် ၂၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းရန် ထပ်မံဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့ မတ်လ ၂၆ ရက် နေ့လယ် ၂ နာရီခွဲတွင် စစ်တွေမြို့ ၊ အောင်မင်္ဂလာရပ်ကွက်လမ်းထိပ်တွင် ဒေသခံ ၇ ဦးလိုက်ပါလာသည့် အိန္ဒိယသုံးဘီးတစ်စီးကို ဖမ်းဆီးသွားပြီး ယမန်နေ့ မတ်လ ၂၅ ရက်ကလည်း စစ်တွေမြို့အနီးရှိ ဘာဆာရာရွာမှ (၄)ဦး၊ အောင်ဒိုင်ရွာမှ (၁၀)ဦး၊ မှော်သီးညှာမှ (၄)ဦး စုစုပေါင်း ၂၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက "စစ်တွေဘက်ကလာတဲ့ တုတ်တုတ်(အိန္ဒိယသုံးဘီး)ပေါ်မှာ လူ ၇ ယောက်ပါတယ်။ မောင်းသူရော၊ ပါလာတဲ့လူတွေရော အကုန်ဖမ်းသွားတာ။ မွတ်ဆလင် တွေတော့ မြင်လိုက်ပေမယ့် ရခိုင်တွေလည်းပါမပါကိုတော့ သေချာမမြင်လိုက်ရပါဘူး"ဟု ပြောသည်။

ယင်းအပြင် ယမန်နေ့ မတ်လ ၂၅ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်တွင် စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာမှ အမျိုးသား (၁၀)ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

နောက်ပြီး ဘာဆာရာ နှင့် မှော်သီးညှာ မွတ်ဆလင်ကျေးရွာများမှ ဒေသခံအမျိုးသားများကိုလည်း လာရောက်ဖမ်းဆီးသွားပြီး ဘာဆာရာရွာမှ ၉ ဦးဖမ်းဆီးသွားသည့်အနက် ၅ ဦးမှာ ထွက်ပြေး လွတ်မြောက်သွား၍ မိသားစုဝင်များကို ခြိမ်းခြောက်ထားကြောင်း စစ်တွေမှာ မွတ်ဆလင် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

"မှော်သီးညှာကတော့ ၄ ယောက်ပါ။ ဘာဆာရာက ၉ ယောက်ဖမ်းသွားတဲ့အထဲက ၅ ယောက်က ထွက်ပြေးသွားလို့ ၄ ယောက် ပါသွားတယ်။ အဲ့ဒီ ၅ ယောက်ကို လာမအပ်ရင် လာဝန်မခံရင် မိသားစုတိကို ရိုက်မယ်နှက်မယ်ပြောထားပါတယ်။ နောက်ထပ်တခြားရွာတွေကလည်း စစ်မှုထမ်းဖို့ ဖမ်းတယ်လို့ကြားနေရပေမယ့် အတည်ပြုလို့ မရသေးပါဘူး"ဟု ပြောသည်။

ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေးအရ မည်သည့်ပြဿနာမှမရှိဘဲ သဟဇာတ ဖြစ်အောင်နေထိုင်လိုသော်လည်း စစ်ကောင်စီက ရခိုင် နှင့် မွတ်ဆလင်အကြား ပြဿနာဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

"စစ်မှုထမ်းဥပဒေက နိုင်ငံသားဖြစ်မှုနဲ့သက်ဆိုင်ပါတယ်။ ကျနော်တို့ကို နိုင်ငံသားမဟုတ်ဘူးဆိုပြီး ဘေးဖယ်ထားခဲ့တယ်။ တစ်ဖက်က နိုင်ငံသားပုံစံမျိုးလည်း အသုံးချနေတယ်။ လုပ်ချင်သလို လုပ်တယ်ဆိုတဲ့ သဘောပေါ့။ ကျနော်တို့အတွက် လက်မခံနိုင်စရာပါ။ အခုလို ဖမ်းခေါ်တယ်။ စစ်တိုက်ခိုင်းတယ်။  ဘာလို့လဲဆိုရင် အခုက တပ်တော်နဲ့ စစ်ဖြစ်နေတော့ ရခိုင်နဲ့ စစ်တိုက်ခိုင်းတယ်။ ရက္ခိုင့်တပ်တော်က အခုအချိန်မှာ ပြည်တွင်းမှာ လူထုထောက်ခံမှုအများဆုံး ရရှိထားတဲ့ အဖွဲ့အစည်း တစ်ခု အခုလို အဖွဲ့အစည်းနဲ့ ရန်တိုက်ပေးတယ်ဆိုတာကကျတော့ ကျနော်တို့ကို ချောက်ထဲကို ကန်ချတဲ့ပုံစံမျိုးခံစားရပါတယ်"ဟု ပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းရှိ ဓားပိုင်၊ ဘောဒူဘစသည့် မွတ်ဆလင်ကယ်ဆယ်ရေး စခန်းများအပြင် မွတ်ဆလင်ကျေးရွာများတွင် စစ်မှုထမ်းရန် ဖိအားပေးစေခိုင်းမှု၊ အတင်းအဓမ္မ ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး စစ်သင်တန်း တက်ရောက်နေသည့် မွတ်ဆလင် ဦးရေ အနည်းဆုံး ၆၀၀ ကျော်ခန့်ရှိနိုင်သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီက စစ်တွေမြို့နယ်အတွင်းမှ ရက်တိုစစ်သင်တန်းပေးထားသည့် မွတ်ဆလင်များအား ရသေ့တောင်မြို့သိမ်းတိုက်ပွဲတွင် အသုံးပြုခဲ့သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုမှုများရှိခဲ့ပြီး များမကြာမီ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ (၅၃၇)၊ (၅၃၈) တပ်ရင်းတို့အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ၏ အလောင်းများနှင့်အတူ စစ်ဝတ်စုံဝတ်ထားသည့် မွတ်ဆလင်များ၏ အလောင်းများကိုပါ တွေ့ရှိခဲ့ရကြောင်း မတ်လ ၂၀ ရက်တွင် AA က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်လည်း ရာနှင့်ချီသည့် မွတ်ဆလင် လူငယ်၊ လူလတ်ပိုင်းအရွယ်များကို စစ်မှုထမ်းထမ်းရန် ဖမ်းဆီးမှုများရှိနေသည်ဟု သိရသည်။

Most read this week

April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...
April 24, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ...
April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...
April 23, 2024
အာရက္ခတပ်တော်( AA)၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ လူမျိုးရေး ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ...