ကချင် မျိုးနွယ်စုကြား ရန်သတ်ပွဲ ဖန်တီးပေးတဲ့ စစ်ကောင်စီတပ်

ကချင် မျိုးနွယ်စုကြား ရန်သတ်ပွဲ ဖန်တီးပေးတဲ့ စစ်ကောင်စီတပ်

ကချင်ပြည်နယ်မှာရှိတဲ့ ကချင်မျိုးနွယ်စုတွေကြား နဲ့ ကချင်မဟုတ်တဲ့ တိုင်းရင်းသားတွေကြား နိုင်ငံရေးနှင့်လူမျိုးရေးအရ အားပြိုင်မှုက အာဏာမသိမ်းခင်ကတည်းက ရှိနေခဲ့တဲ့အတွက် ဒီအခြေအနေတွေကို ကောင်းစွာသိရှိနားလည်ထားတဲ့ မြန်မာစစ်တပ်အတွက် အခွင့်ကောင်းတွေ ဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ ဝိုင်းမော်မြို့နယ် အောင်မြင် ၁ နဲ့ ၂ နေရာမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ကူသွားတဲ့ ဦးရွှေမင်းနဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ဝိုင်းမော်မြို့အကျော် ခါးရှီရွာမှာ KIA ရဲ့ ကြားဖြတ်တိုက်ခိုက်တာခံလိုက်ရတဲ့အတွက် ကားတစ်စီးလုံးထိခိုက်ပျက်စီးသွားတဲ့အပြင် ပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်းအပါအဝင် အပေါင်းအပါ ၃ ဦးဟာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဒီအခြေနေကိုကြည့်မယ်ဆိုရင် ကချင်မျိုးနွယ်စုဝင်တွေဖြစ်တဲ့ လီဆူ၊ ရဝမ်၊ လော်ဝေါ်၊ ဇိုင်ဝါး၊ ဂျိန်းဖော့၊ လာချိဒ် (၆) မျိုးထဲက မျိုးနွယ်စုဝင်တစ်ချို့ဟာ အချင်းချင်းသတ်ဖြတ်နေကြရတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

အာဏာမသိမ်းခင်က မြစ်ကြီးနား- ဗန်းမော်သွားတဲ့လမ်းပိုင်းမှာရှိတဲ့ အောင်မြေ ၁ ၊အောင်မြေ ၂ ၊ရွှေညောင်ပင် ၃၂၁ နေရာတွေဟာ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့နေရာတွေဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်မှတော့ လီဆူမျိုးနွယ်စုဝင်ဖြစ်တဲ့ဦးရွှေမင်းအဖွဲ့ဟာ အောင်မြေ ၁ ရွာ အင်လုံခအနီးမှာတပ်စွဲနေထိုင်နေပြီး စစ်တပ်ရဲ့လက်ကိုင်တုတ်အဖြစ်အခိုင်မာရပ်တည်နေကြတာကြောင့် KIA ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ လီဆူမျိုးနွယ်စုဝင်ထဲကပြည်သူ့စစ် သုံ့ပန်းတွေကို KIA ဘက်က သဘောထားချင်းမတိုက်ဆိုင်လို့ တိုက်ခိုက်နေရပေမယ့် ကချင်မျိုးနွယ်စုအချင်းချင်းဖြစ်တာကြောင့် ဖမ်းဆီးထားသူတွေကို လီဆူလူကြီးတွေနဲ့ခံဝန်ကတိထိုးစေပြီး ပြန်လွတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အာဏသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ စစ်တပ်ကထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်မှာ ကချင်တွေကြား မယုံနိုင်စရာ သို့လောသို့လောနဲ့ မေးခွန်းထုတ်စရာသတင်းတစ်ပုဒ် ထုတ်ပေါ်ခဲ့ပါတယ်။ ဒါကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ နယ်မြေ၊ တရုတ်နယ်စပ်တစ်ကြောမှာရှိတဲ့ ဆော့လော်ဒေသကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးဟာ လက်နက်နဲ့အတူ စစ်ကောင်စီထံ ဘက်ပြောင်းသွားတဲ့သတင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်က သူတို့ကို ဆော့လော်မြို့ကနေ မြစ်ကြီးနားကို စစ်ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ကချင်ပြည်နယ် မြောက်ပိုင်တိုင်းစစ်ဌာနချုပ် မပခ မှာ ဂုဏ်ပြုပွဲ ဆင်နွှဲခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ စစ်ကောင်စီတပ်ဟာ ကချင်မျိုးနွယ်စုထဲက လော်ဝေါ် မျိုးနွယ်တွေကို ပြည်သူ့စစ်အဖွဲ့အဖြစ် ဖွဲ့စည်းပေးပြီး နိုင်ငံရေး စစ်ရေးအရ လက်ကိုင်တုတ်အဖြစ် အသုံးချဖို့ ဖြစ်တယ်လို့ ချီဖွေဒေသမှာရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားအချင်းချင်း၊ မျိုးနွယ်စုဝင်အချင်းချင်းကြားမှာ တိုက်ခိုက်မှုတွေဖြစ်လာဖို့ သွေးခွဲအုပ်ချုပ်တဲ့စနစ်ကို ခေတ်အဆက်ဆက် အသုံးပြုခဲ့ပြီး အကျိုးအမြတ်အများကြီးရရှိနေတယ်လို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်တဲ့ ဝါရင်းသတင်းစာဆရာ ဘာတေးလင့်တနာ က ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ကချင်ဒေသအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ ချွတ်ခြုံကျလာတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့လက်ကိုင်တုတ် ပြည်သူ့စစ်အဖွဲ့တွေကို အားကောင်းအောင်ကြိုးပမ်းနေတဲ့ထဲမှာ ကချင်ပြည်နယ်က ပြည်သူ့စစ်အဖွဲ့တွေလည်း ပါဝင်နေပါတယ်။

ဒါကြောင့် KIO ဥက္ကဋ္ဌတောင်မှ ပြည်သူ့စစ်မလုပ်ဖို့ ခနခန မိန့်ခွန်းမှာ ပြောနေတာလည်းဖြစ်ပါတယ်။

ပြည်သူ့စစ်ဆိုတာဘာလဲ

၁၉၅၉ ခုနှစ် ရှမ်းတိုင်းရင်းသားများအကြားနဲ့ ၁၉၆၁ ခုနှစ်ကချင်တိုင်းရင်းသားများအကြား လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာခြင်းနဲ့ တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီ ရှမ်းပြည်နယ်အရှေ့ပိုင်းဝင်ရောက်လာတာဟာ စစ်တပ်အတွက် အလေးနက်ထားရမယ့် စိန်ခေါ်မှုတွေဖြစ်လာပါတယ်။

အဲဒီချိန်ကစပြီး စစ်တပ်ဟာ ပြည်သူ့စစ်ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာပြီး ပြည်သူလူထုတိုက်ပွဲဆိုတဲ့ စစ်တပ်ရဲအယူဝါဒကို အစိတ်အပိုင်းအဖြစ် ပုံစံတကျဖွဲ့စည်းပြီး ရပ်ရွာလုံခြုံရေးလိုအပ်ချက်အခြေခံပြီး ကာကွယ်ရေးပြည်သူ့စစ်အဖွဲ့၊ သောင်းကျန်းသူဆန့်ကျင်ရေးပြည်သူ့စစ်အဖွဲ့ဆိုတဲ့ အမျိုးမျိုးသောပြည်သူ့စစ်အဖွဲ့ကို နေရာချအသုံးပြုလာတယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

၁၉၆၀ ခုနှစ်အစောပိုင်းကာလမှာ စစ်တပ်ကဖွဲ့စည်းခဲ့တဲ့ပြည်သူ့စစ်အဖွဲ့ဟာ တပ်မတော်ရဲ့ရပ်ရွာအခြေပြုရှေ့ပြေးအဖွဲ့ဖြစ်ပြီး ပြည်သူ့စစ်တွေရဲ့ အဓိကတာဝန်ကတော့ ကျေးရွာကာကွယ်ရေးကို ကူညီပေးဖို့နဲ့ အစိုးရရဲ့လမ်းပြ သတင်းပေးအဖြစ်ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က​ ပြည်သူ့စစ်များ

ကချင်ပြည်နယ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( မဆလ) ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ကတည်းက ဒီနေ့ချိန်ထိ ပြည်သူ့စစ် အပေါများဆုံး ပြည်နယ်တစ်ခုလို့ ပြောလို့ရပါတယ်။       

ကချင်ဒေသ ပြည်သူ့စစ်အဖွဲ့များ

တပ်အမည်

အဖွဲ့ခေါင်းဆောင်

တည်နေရာ

သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ ဦးဒန်ကူးဒန် ပူတာအိုဒေသဖြစ်တဲ့ရှိန်းခုန်၊လုံရှာယန်ခေါင်လန်ဖူး၊ အင်ခါးဂါး)
လဝါးယာန်ပြည်သူ့စစ် ဦးလဆန်အောင်ဝါ ဂွေထူဒေသဌာနပြည်သူ့စစ်
ပန်ဝါပြည်သူ့စစ်(နယ်ခြားစောင့်တပ်) ဦးဇခုန်တိန့်ယိန်း ပန်ဝါ၊ကန်ပိုက်တီ၊ဆဒုံး၊ချီဖွေ
လမုန်ပြည်သူ့စစ် ဦးအာဖူ တနိုင်းဒေသ လမုန်ရွာ
ရွာသစ်ပြည်သူ့စစ် ဦးဘော်တန် တနိုင်းဒေသ
နောင်စီပေါပြည်သူ့စစ် ဦးအိုက်စင် ဝိုင်းမော်၊ နောင်စီပေါ
အိုင်လေသူပြည်သူ့စစ် ဦးဘကျော်  
ဝူယန်ပြည်သူ့စစ်   ဝိုင်းမော်၊ဝူယန်
ဘွမ်တောင်ပြည်သူ့စစ် ဒူနန်ဇီတန်(လက်ရှိ ဦးဘောမ်လန်း) ဆဒုံး၊ဘွမ်တောင်ရွာ
မဆပြည်သူ့စစ် ဦးတုံချီ ဆဒုံး၊မဆရွာ
ယင်ဒမ်ပြည်သူ့စစ် ဦးယောရီ ဆဒုံး၊ယင်ဒမ်ရွာ
လုံဇာပြည်သူ့စစ် ဦးဖီဆ ဆဒုံး
မိုးမောက်ပြည်သူ့စစ် ဦးခင်မောင်ဝင်း မံစီမြို့နယ်၊မိုးမောက်
လုံးတုံပြည်သူ့စစ် ဦးဘုန်းမြင့်ကူ ဆယ်ဇင်းကျေးရွာအုပ်စု
နောင်မွန်ပြည်သူ့စစ် စိုင်းဖုန်းကျော် ပူတာအို၊နောင်မွန်
ညောင်ပင်ပြည်သူ့စစ် တင်ဝင်းအောင် ဗန်းမော်
မပြင်ပြည်သူ့စစ် ဦးယောသန်းနိုင်  
     
မအူပင်ပြည်သူ့စစ် ဦးတင်အောင်(သို့) ခင်မောင်ညွန့် ကားမိုင်းမြို့နယ်ခွဲ
နန့်ယားပြည်သူ့စစ် ဦးမျိုးမင်းထွန်း(သို့) ဦးသန့်ဇင် မိုးကောင်း
လုံးခင်းပြည်သူ့စစ် တရုတ်ကြီး ဖားကန့်၊လုံးခင်း
ရှဒူးဇွပ်ပြည်သူ့စစ် ဦးအောင်ကို(သို့)မင်းဇေသန့် တနိုင်း၊ရှဒူးဇွပ်ကျေးရွာ
ကညှင်းမြိုင်ပြည်သူ့စစ် ဦးကျော်မြိုင် မိုးကောင်းမြို့နယ်
ပြွန်သုံးလုံးပြည်သူ့စစ် ဦးကျော်စန်းဦး  
ဆားမှော်ပြည်သူ့စစ် ဦးသိန်းဦး မိုးကောင်းမြို့နယ်၊ဆားမှော်ရွာ
လွယ်ခေါပြည်သူ့စစ် ဦးမြင့်ဦး မြစ်ကြီးနားမြို့နယ်
တောင်နီပြည်သူ့စစ် ဦးဇော်မင်း မိုးကောင်းမြို့နယ်၊တောင်နီရွာ
ထောဖူရွာပြည်သူ့စစ် ဦးမြင့်ကြိုင် မိုးကောင်းမြို့နယ်၊ထောဖူရွာ
အလယ်မော်ဖေါင်းပြည်သူစစ် ဦးတီတုရှား မြစ်ကြီးနားမြို့နယ်၊မော်ဖောင်းရွာ
မန်ဒေါင်ပြည်သူ့စစ် ဦးဘောမ်ယိန်း ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ရွာ
ဦးရွှေမင်း ပြည်သူ့စစ် ဦးရွှေမင်း ဝိုင်းမော်၊ဆဒုံး၊
ဆော့လော်ဌာနေပြည်သူ့စစ် ဦးလစားခေါင်ဒေါင်(သို့)ဦးလာဟုတ်ခေါင်ဒေါင် ဆော့်လော်မြို့နယ်

ဒီထဲမှာ အဖွဲ့အများစုဟာ အရင်က ရပ်ကျေးလုံခြုံရေးအမည်နဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့စစ်အဖွဲ့တွေလို့ ကချင်နိုင်ငံရေးသုံးသပ်သူ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီအဖွဲ့အများပိုင်းက ပျက်ပြယ်သွားကြပြီဖြစ်ပေမယ့် ဒီနေ့ထိ စစ်တပ်လက်အောက်မှာရှိနေတဲ့ အဖွဲ့တွေကတော့ မြစ်ဆုံအနီးတစ်ဝှိုက် လှုပ်ရှားတဲ့ ဦးလဆန်အောင်ဝါ ဦးဆောင်တဲ့ လဝါယန်ဌာနေပြည်သူ့စစ်၊ တနိုင်းဒေသလမုန်ရွာတစ်လျှောက်လှုပ်ရှားတဲ့ လမုန်ပြည်သူ့စစ်၊ လီဒိုလမ်းမပေါ် ရှဒူးဇွပ်ရွာတစ်ဝှိုက်လှုပ်ရှားတဲ့ ရှဒူးဇွပ်ပြည်သူ့စစ် (မင်းဇေသန့်) ပူတာအိုမြို့နယ် ရှိန်းခုန်၊ လုံရှာယန်ဘက်မှာ လှုပ်ရှားတဲ့သောင်းကျန်းသူ ဆန့်ကျင်ရေး ရဝမ်လူမျိုးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒန်ကူးဒန် ဦးဆောင်တဲ့ပြည်သူ့စစ်၊ ဆဒုံးမြို့နယ် ဘွမ်တောင်ရွာဘက်လှုပ်ရှားတဲ့ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်အပြင် ကချင်အထူးဒေသ ၁ ပန်ဝါအခြေစိုက် ဦးဇခုံတိန်းယိန်းဦးဆောင်တဲ့(နယ်ခြားစောင့်တပ်) NDAK ၊ အဖွဲ့တွေသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဦးဇခုန်တိန့်ယိန်း နယ်ခြားစောင့်တပ်အကြောင်း

၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းနဲ့ လော်ဝေါ်မျိုးနွယ်စုဝင် ဦးလယောက်ဇေလွမ်းတို့ဟာ ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာတော့ ကချင်အထူးဒေသ ၁ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA- K အဖြစ်ထပ်ပြီးဖွဲ့စည်းပြီး လချိဒ်နဲ့ လော်ဝေါ်မျိုးနွယ်စုအများစုပါဝင်တဲ့ တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာတော့ ဦးလယောက်ဇေလွမ်း နဲ့ ဦးဇခုန်တိန့်ယိန်းတို့အကြား မအောင်မြင်တဲ့ အာဏာသိမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီအာဏာသိမ်းမှုမှာ ဦးလယောက်ဇေလွမ်းဟာ ဦးလောင်ဝါးဇောင်းခေါင်နဲ့အတူ ဆော့လော်၊ ပန်ဝါတစ်လျှောက် ဌာနေပြည်သူ့စစ်ဖွဲ့ကိုဖွဲ့ဖို့ အာဏာသိမ်းခဲ့တာဖြစ်တယ်လို့ အာဏာသိမ်းချိန် ပန်ဝါဒေသမှာနေထိုင်ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းမှု မအောင်မြင်ဘဲ ဦးလယောက်ဇေလွမ်းနဲ့ ဦးလောင်ဝါးဇောင်းခေါင်တို့အတူ တပ်ဖွဲ့အင်အားတစ်ချို့ ခေါ်ဆောင်ပြီး ပန်ဝါကနေ မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကို ဆင်းလာခဲ့ကြတာဖြစ်တယ်။

အဲဒီနောက် ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေ ပုဒ်မ ၃၇၇ ပုပ်မအရ ပြည်ထောင်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်လို့ ဖော်ပြလာချိန် စစ်အစိုးရလက်ထက်တလျှောက် အပစ်ရပ်ခဲ့သူတွေကို ပြည်သူ့စစ် ၊ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းဖို့ ဖိအားပေးလာချိန်မှာတော့ ဦးဇခုန်တိန့်ယိန်းအဖွဲ့ဟာ ကချင် ဒီမိုကရေစီသစ်တပ်မတော် NDA-K ကနေ နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၉ မှာ ပြောင်းလဲ ရပ်တည်လိုက်ပါတယ်။

ဦးဇခုန်တိန့်ယိန်း နဲ့ KIA ဆက်ဆံရေး

နယ်ခြားစောင့်အတပ်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် ဦးဇခုန်တိန့်ယိန်းဟာ ၂၀၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်-၅ မှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၅ မှာလည်း ထပ်မံအရွေးခံခဲ့ရပါတယ်။

ဒါပေမဲ့ ပြိုင်ဖက် NLD အမတ်လောင်းကို ခြိမ်းခြောက်တယ်လို့ အတိုင်ကြားခံရမှုကို စစ်ဆေးရာမှာ တရားမဲ့ပြုကျင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။

၂၀၀၉ ခုနှစ် ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ အဖွဲ့ နယ်ခြားစောင့်တပ်အဖွဲ့အဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာတော့ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန်မှာတော့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ရောက်ရှိသွားတဲ့ ဦးဇခုန်တိန့်ယိန်း နဲ့ KIA တို့ရဲ့ဆက်ဆံရေးဟာ အရင်ထက် မကောင်းနိုင်တော့ပေ။ စစ်တပ်ဩဇာခံ၊ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရောက်ရှိသွားတဲ့အတွက် နှစ်ဖက်တပ်ကြား ရံဖန်ရံခါတင်းမာမှုတွေ စတင်လာပါတော့တယ်။

နှစ်ပေါင်း ဆယ်ချီအတူလက်တွဲခဲ့တဲ့ မျိုးနွယ်စုဝင်တွေဟာ ၂၀၁၃ ခုနှစ်မှာတော့ ပထမဆုံးထိတွေ့တိုက်ပွဲ စတင်ဖြစ်ခဲ့ပါတော့တယ်။ ဒီထိတွေ့ တိုက်ပွဲဟာ ဆော့်လော်မြို့နယ် လောက်ခေါင်ကျေးရွာအထက်ဘက်မှာ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ကချင်လွတ်လပ်ရေး တပ်မတော် KIA က တပ်စွဲနေရာယူလိုက်တဲ့ စခန်းနေရာကို ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဦးဆောင်တဲ့အဖွဲ့နဲ့အတူ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ လော်ဝေါ်၊ လချိဒ်လူငယ်အများဆုံးပါဝင်တဲ့ နယ်ခြားစောင့်တပ် (BGF) ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ KIA စခန်းကို လာရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီချိန် သတင်းဌာနအများစု ဖော်ပြထားချက်အရ KIA စိုးမိုးထားတဲ့နေရာကို စစ်တပ်က ပြန်လိုချင်တာကြောင့် နယ်ခြားစောင့်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်စေခဲ့တာလို့ တွေ့ရပါတယ်။ ဒါဟာ မျိုးနွယ်စုဝင် အချင်းချင်းကြားပစ်ခတ်မှုစတင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦး ပြောတာကတော့ “ပြောရရင်တော့ ဇခုန်တိန့်ယိန်းက စစ်တပ်နဲ့ငြိမ်းချမ်းရေးယူလိုက်တယ် တစ်ဖက်မှာကျတော့ KIA က ပစ်ခတ်ပြန်စလာတယ်ဆိုတော့ ဒီနှစ်ဖွဲ့ဟာ ဘာမှတိုင်ပင်ဆွေးနွေးလို့ မရတော့တဲ့အနေထားဖြစ်သွားတယ်။

သူတို့က တပ်လက်အောက်ရောက်သွားပြီဆိုတော့ KIA နဲ့က ဆန့်ကျင်ဘက်လိုဖြစ်သွားတယ် အရှင်းဆုံးပြောရမယ်ဆိုရင်ဇခုံတိန့်ယိန်းနဲ့ KIA က ၂၀၁၁ မတိုင်ခင်တော့ နားလည်မှုနဲ့ နေပေမယ့် ၂၀၁၁ နောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်သွားတဲ့နောက် တင်းမာမှုတွေက ရှိလာတယ်လို့ပြောလို့ရတယ်”

လော်ဝေါ်မျိုးနွယ်စုဝင်တစ်ချို့ရဲ့ ပြည်သူ့စစ် အိပ်မက်

၂၀၀၅ ခုနှစ် ဦးလယောက် ဇေလွမ်းဟာ သူဌေးကြီး ဦးလော်ဝါးဇောင်းခေါင်နဲ့အတူ ဦးဇခုန်တိန့်ယိန်းကို အာဏာသိမ်းခဲ့ပေမယ့် မအောင်မြင်တဲ့အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းမှု မအောင်မြင်တဲ့တွက် ပန်ဝါကနေ မြစ်ကြီးနား၊ ဝိုင်းမော်ဘက်လာ ရောက်နေထိုင်ချိန် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ခေါင်းဆောင် ၂ ဦးကွယ်လွန်ပြီးတဲ့နောက်မှာတော့ ခေတ္တမှေးမှိန်သွားခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ထဲက ဦးဆောင်တစ်ချို့ဖြစ်တဲ့ ဦးလာဟုတ်ခေါင်ဒေါင်နဲ့ တစ်ချို့အဖွဲ့ဝင်တွေ ကျန်ရှိနေပြီး သိုသိုသိပ်သိပ်လှုပ်ရှားမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီး နောက်မှာတော့ ဒီအဖွဲ့တွေဟာ ထပ်ပြီးဇောင်းထလာတာရှိခဲ့ပေမယ့် ပေါ်တင်လှုပ်ရှားတာ တော့မရှိခဲ့ပါဘူး။ သို့သော် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဆော့်လော်က PDF ၈ ဦး စစ်တပ်ဘက်ကိုဘက်ပြောင်းသွားတာနဲ့ တစ်ပြိုင်နက် ဒီနှစ်ဖွဲ့တွေဟာ ပူးပေါင်းပြီး စတင်လှုပ်ရှားလာပါတော့တယ်။ ဒီအဖွဲ့ ၂ ဖွဲ့စလုံး ခေါင်းဆောင်တွေဟာ လော်ဝေါ်မျိုးနွယ်စုဝင်တွေဖြစ်ပြီး ခေါင်းဆောင်ပိုင်းတွေက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အခြေချနေထိုင်ပြီးတော့ ပေါ်ပေါ်တင်တင်လှုပ်ရှားတာတွေ လုပ်ဆောင်လာပါတော့တယ်။

ဒီအဖွဲ့ကို ဦးဆောင်သူတွေဟာ လော်ဝေါ်မျိုးနွယ်စုဝင်တွေဖြစ်တဲ့အတွက် သူတို့ကိုလော်ဝေါ်ပြည်သူ့စစ်လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် လော်ဝေါ်အမည်နာမကို နိုင်ငံရေးအဖွဲ့စည်းနဲ့သက်ဆိုင်တဲ့ မည်သည့်အဖွဲ့စည်းကိုမှ သုံးခွင့်မပြုဘူးလို့ လော်ဝေါ်ရိုးရာစာပေယဉ်ကျေးမှု ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနောက် သူတို့ကို ဆော့်လော်ဌာနေပြည်သူ့စစ်အဖွဲ့လို့ ပြန်လည် သုံးစွဲလာကြပါတယ်။

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ LNUDP က ပါတီဝင်တစ်ချို့လည်း ဒီပြည်သူ့စစ်အဖွဲ့ထဲပါဝင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီပြည်သူ့စစ်အဖွဲ့တွေဟာ လော်ဝေါ်လူငယ်တွေကို နည်းအမျိုးအမျိုးနဲ့ ပြည်သူ့စစ်လုပ်ဖို့ စည်းရုံးနေပြီး အတင်းအဓ္ဓ တပ်သားစုဆောင်းမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 လဝါးယာန်ပြည်သူ့စစ်နဲ့ဘွမ်တောင်ပြည်သူ့စစ်

လဝါယာန်ဌာနေပြည်သူ့စစ် လဝါယာန်ဌာနေပြည်သူ့စစ် အဖွဲ့ ဦးလဆန်အောင်ဝါ ဟာ အရင်က ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာအမှုထမ်းခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဒါပေမယ့် KIA ကနေ ထွက်ပြေးပြီး ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ NDA-K မှာ ဝင်ရောက်ခိုလှုံနေချိန် ပန်ဝါမြို့မှာ ၂၀၀၅ ခုနှစ် အာဏာသိမ်းမှု ဖြစ်ခဲ့တာကြောင့် ဦးလဆန်အောင်ဝါဟာ ပန်ဝါကနေဆင်းလာပြီး ၂၀၀၆ ခုနှစ် နောက်ပိုင်းမှာတော့ လဝါးယာန်ဌာနေပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး မြစ်ကြီးနားမြို့နယ် မြစ်ဆုံတစ်လျှောက် ဂွေထုဘက်မှာအခြေချပြီး လှုပ်ရှားတာလည်း ဖြစ်ပါတယ်။

ဦးလဆန်အောင်ဝါဟာ မြစ်ကြီးနား မြစ်ဆုံတစ်လျှောက် အဓိကလှုပ်ရှားပြီး နေထိုင်ကာ KIA နဲ့ဆက်ဆံရေးအသင့်သင့်ရှိတာလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ KIA ဘက်က ရဲဘော်ဟောင်း တွေပါဝင်သလို ဒေသခံလူငယ်တွေ၊ နယ်ခြားစောင့်တပ်က ရဲဘော်တွေ လူမျိုးစုံပါဝင်တဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်ပါတယ်။

ဦးတန်ကူးတန်ပြည်သူ့စစ်နဲ့ ဦးဘောမ်လန်းဦးဆောင်တဲ့ ဘွမ်တောင်ပြည်သူ့စစ် ဦးတန်ကူးတန် (ခေါင်လန်ဖူးပြည်သူ့စစ်) နဲ့ ဦးဘောမ်လန်း (ဘွမ်တောင်ပြည်သူ့စစ်) တို့ကလည်း ပြည်သူ့စစ်မဖွဲ့စည်းခင် ၂၀၀၅ ခုနှစ်မတိုင်ခင် ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ NDA-K မှာ တာဝန်ထမ်း ဆောင်ဖူးသူတွေဖြစ်ပါတယ်။

အာဏာသိမ်းမှုအတွင်း ကမောက်ကမဖြစ်သွားပြီးတဲ့နောက် ဦးဒန်ကူးဒန်ဟာ ပူတာအိုမြို့နယ် ခေါင်လန်ဖူး လုံရှာယာန်တစ်လျှောက်အဓိက လှုပ်ရှားကြတယ်လို့ သိရပြီး ၂၀၀၉ ခုနှစ်မှာ သောင်းကျန်းသူဆန့်ကျင်ရေး ပြည်သူ့စစ်အဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပူတာအိုမြို့နယ်တစ်လျှောက် စစ်တပ်လက်အောက် စစ်မှုထမ်းဖို့ အဓိကလိုက်လံဆော်ဩ ပေးနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ ရဝမ်လူငယ်တွေကို အဓိက ဖမ်းဆီးခေါ်ယူပြီး ပြည်သူ့စစ်ဖွဲ့စည်းထား တာလည်းဖြစ်ပါတယ်။ အာဏမသိမ်းခင်တော့ ပူတာအို ရှိန်းခေါင်၊ လုံရှာယန်တစ်လျှောက်လှုပ်ရှားပေမယ့် စစ်တပ်ရဲ့လက်ကိုင်တုတ်သဘောသဘာဝအရ အာဏသိမ်းပြီးနောက်မှတော့ ပူတာအိုတစ်ကြောတိုက်ပွဲမှာ ပါဝင်လာတာရှိတယ်လို့လည်း သိရပါတယ်။

အလားတူဘဲ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့ကလည်း ၂၀၀၅ ခုနှစ် ပန်ဝါမြို့တွင်းအာဏာသိမ်းမှု မတိုင်ခင် NDA-K မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း ဆဒုံးမြို့နယ် ဘွမ်တောင်ရွာဘက်မှာ ဘွမ်တောင်ပြည်သူ့စစ်အမည်နဲ့ ဖွဲ့စည်းပြီး လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ တရုတ်နယ်စပ် ကန်ပိုက်တည်- ဆဒုံးတစ်လျှောက်မှာ အဓိကလှုပ်ရှားနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဆဒုံးရေတံခွန်အနီးတိုက်ပွဲမှာ စစ်တပ်၊ ဦးရွှေမင်းပြည်သူ့စစ်တွေနဲ့အတူ ပါဝင်လာတာတွေရှိနေပါတယ်။

ဦးရွှေမင်းဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့

ဦး ရွှေမင်းကလည်း NDA-K မှာတာဝန်ထမ်းဆောင်ခဲ့သူဘဲဖြစ်ပါတယ်။ သူကိုယ်တိုင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီ LNDP နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး NLD အစိုးရလက်ထက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒူးလေးပါတီဟာ ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်တွေမှာ အမတ်နေရာလေးနေရာ အနိုင်ရရှိခဲ့ပြီး ၂၀၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ ခေါင်လန်ဖူးမြို့နယ်က အမတ်နေရာတစ်နေရာပဲ အနိုင်ရခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၆ ခုနှစ်မှာတော့ လီဆူပြည်သူ့စစ်ဖွဲ့စည်းပါတယ်။ ဒါ့အပြင် လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ကချင်ပြည်နယ်လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားတာဖြစ်ပါတယ်။ ပြည်သူ့စစ် စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး KIA ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကိုလည်း ခနနကျင်းပခဲ့တဲ့အပြင် ၂၀၁၉ မှာလည်း KIA ကေအိုင်အေကို အမြစ်ဖြတ်ချေမှုန်းဖို့ တောင်းဆိုတဲ့ တပ်မတော်ကို တောင်းဆိုတဲ့ ဆန္ဒပြ ကျင်းပခဲ့ကြပါတယ်။

ဒါ့ပေမယ့် ရွှေမင်းပြည်သူ့စစ်အဖွဲ့ကိုလည်း လီဆူမျိုးနွယ်စုဝင် အားလုံးနီးပါးက လက်မခံကြသလို လီဆူအမေရိကန်အဖွဲ့ချုပ် ကလည်း လီဆူတစ်မျိုးသားလုံးနဲ့ မသက်ဆိုင်ကြောင်း သဘောထားထုတ်ပြန်တာလည်းရှိခဲ့ပါတယ်။ သိုသော် ရွှေမင်း ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့တွေက “ ကျွှဲပါး ဆောင်းတီး” ပါဘဲ လီဆူလူမျိုးတွေကို အဓိကထားပြီး တစ်အိမ်တစ်ယောက်တပ်သား မလုပ်မနေရ တပ်သားသစ်စုဆောင်းနေတာဟာ တစ်နေ့တစ်ခြား ပိုဆိုးရွားလာသလို ရွှေမင်းပြည်သူ့စစ်တပ်သားစုဆောင်းမှုကြောင့် လီဆူလူငယ်တွေဟာ ပြည်ပထွက်သူတွေလည်း များလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး ဦးရွှေမင်း ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာ ကချင်ပြည်နယ်ထဲက မြစ်ကြီးနားမြို့နယ် တာလောကြီး၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်အပါအဝင် နေရာဒေသအတော်များများမှာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖြစ် ဒေသတွင်းရော၊ ရှေ့တန်းစစ်မြေပြင်တွေမှာပါ အသုံးပြု ခံနေရပြီး ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာတော့ ဝိုင်းမော်မြို့ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်တဲ့ အောင်မြေ ၁ ရွာဘက်က တိုက်ပွဲမှာ စစ်ကူသွားခဲ့တဲ့ ဦးရွှေမင်းလည်း တိုက်ပွဲဖြစ်တဲ့နေရာမရောက်ခင်မှာပင် KIA ဘက်က ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

ဒါကတော့ မျိုးနွယ်စုဝင်တွေအကြား စစ်တပ်ရဲ့လက်ကိုင်တုတ်အဖြစ်တည်ရှိနေကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအကြောင်း တစ်စေ့တစ်စောင်းဖြစ်ပါတယ်။ ဒီပြည်သူ့စစ်အဖွဲ့အပြင် မျိုးနွယ်စုဝင်ပြည်သူ့စစ်အဖွဲ့ မဟုတ်တဲ့ ပြည်သူ့စစ်တွေကလည်း ကချင်မှာရှိပါတယ်။

အဲဒါကတော့ ရှဒူးဇွပ်ပြည်သူ့စစ်၊လမုန်ပြည်သူ့စစ်နဲ့ ရှမ်းနီလူမျိုးတစ်ချို့ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေဘဲ ဖြစ်ပါတယ်။

ပြည်သူ့စစ်တွေကို စစ်တပ်က ဘယ်လိုအသုံးချနေလဲ

ကချင်ပြည်နယ် အရပ်လေးမျက်နှာမှာ စစ်တပ်ရဲ့ ရှေ့ပြေးအဖွဲ့တွေ ရှိနေပါတယ်။ မြို့တော် မြစ်ကြီးနားမြို့ တည်ရှိရာဧရာဝတီမြစ် အထက်ဘက် မြစ်ဆုံတစ်လျှောက်မှာ ဦးလဆန်အောင်ဝါအဖွဲ့၊ မြောက်ပိုင်း ပူတာအိုဒေသမှာတော့ဒန်ကူးဒန်အဖွဲ့၊ အနာက်ဘက် တနိုင်းဒေသမှာတော့ ရှဒူးဇွပ်အဖွဲ့နဲ့ လမုန်ပြည်သူ့စစ်အဖွဲ့၊ ဧရာဝတီမြစ်အရှေ့ဘက်ဒေသတွေမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ နဲ့ မိုးကောင်း၊မိုးညှင်း ဒေသတွေမှာတော့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေကို ရှေ့တန်းစစ်မြေပြင်မှာ အဓိကတွေ့ရတာ ဖြစ်ပါတယ်။

ဝိုင်းမော်မြိုတွင်းအခြေစိုက် ခလရ ၅၈ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘဲ လော်ဝေါ်မျိုးနွယ်စုဝင် တစ်ချို့ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့က နေရာယူထားပြီး မြစ်ကြီးနား- ချီဖွေအပြင် မြစ်ကြီးနား- ဆဒုံးတစ်လျှောက် ဝူယန်ဂိတ်၊ ဝါးရှောင်အထက် စုပေါင်းဂိတ်နဲ့ ရေတံခွန်ဂိတ်တွေမှာ စစ်ကောင်စီတပ်သား မရှိသလောက်နည်းပါးသွားပြီး ပြည်သူ့စစ်အဖွဲ့တွေကပဲ နေရာယူလှုပ်ရှားနေတာ တွေ့ရပါတယ်။

အလားတူ မြစ်ကြီးနား- ဗန်းမော်လမ်းမ တစ်လျှောက်မှာရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ တစ်ခြားပြည်သူ့စစ်အဖွဲ့တွေ စုပေါင်းနေထိုင်နေတယ်လို့လည်း သိရပါတယ်။

ပြည်သူ့စစ်တွေနေရာယူထားတဲ့နေရာအားလုံးဟာ စစ်တပ်စခန်းနေရာဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက် KIA ဘက်က မကြာခနလာရောက်တိုက်ခိုက်တဲ့နေရာတွေ ဖြစ်တာကြောင့် စစ်တပ် ဒီနေရာတွေမှာ မျိုးနွယ်စုပြည်သူ့စစ်တွေကို တမင်ရည်ရွယ်ချက်ရှိရှိတပ် ထိုင်ခိုင်းထားတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ခုကျနော်တို့ ဝါးရှောင်အထက်စုပေါင်းဂိတ်မှာဘဲ စစ်သားနဲ့ရဲနည်းနည်းပါးပါးတွေ့တယ် ဒီ ၅၈ တပ်နဲ့ ရွှေညောင်ပင်တွေမှာက စစ်သားတွေမရှိဘူး လော်ဝေါ်နဲ့လီဆူတွေဘဲရှိတယ်။

အဲကြောင့်ကျနော်တို့ကြည့်နေတာ ခုနောက်ပိုင်း KIA ဘက်ကလည်း ဒါကိုသိလို့လာမတိုက်တာလား အာဏာသိမ်းစဆို ခနနလာတိုက်တာဟုတ်တယ်။ ခုတော့ လာတိုက်ရင်လည်း အချင်းချင်းတွေဆိုတော့ တမင်ရှောင်တာလားလို့တောင် သုံးသပ်နေကြတာ”

ကချင်ပြည်နယ်ရဲ့ အချက်ချာကျပြီး ရှေ့တန်းကျတဲ့ စစ်ကောင်စီ တပ်စခန်းတွေမှာ တိုင်းရင်းသားမျိုးနွယ်စု ပြည်သူ့စစ်တွေကို သိသိသာသာ အသုံးပြုလာနေတာဟာ မျိုးနွယ်စုအချင်းချင်းကြား သတ်ဖြတ်ကြဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ချို့က သုံးသပ်ကြပါတယ်။

ဒါ့အပြင် လက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို စစ်တပ်က ရာထူးကြီးငယ်အလိုက် လက်နက်တပ်ဆင်တာမျိုးမဟုတ်ဘဲ ပြည်သူ့စစ်အဖွဲ့ဝင်တိုင်းကို လက်နက်အတိုတွေ အများပိုင်းထုတ်ပေးထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ပြည်သူ့စစ်တွေ ဘယ်လိုရပ်တည်နေလဲ

စစ်တပ်လက်အောက် ကိုယ်ပိုက်လက်နက်ကိုင်အဖွဲ့ထူထောင်နေကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ တကယ်တော့စစ်တပ်ကနေ လစာပေးထားတာမဟုတ်ဘဲ နေရာဒေသအလိုက် ဖွဲ့စည်းထားတဲ့အတိုင်း ရေပေါ်ရေအောက် သယံဇာတအပြင် လမ်းတစ်လျှောက် အခွန်အခတွေကောက်ယူခွင့်နဲ့အတူ စီးပွားရေးအခွင့်လမ်းများလုပ်ကိုင်ခွင့် မက်လုံးပေးထားတာလည်းဖြစ်ပါတယ်။

ဒီပြည်သူ့စစ်တွေရှိတဲ့နေရာကိုကြည့်မယ်ဆိုရင် _မြေရှားသတ္တုတူးဖော်မှု၊ ရွှေတူးဖော်မှု၊ နယ်စပ်ကုန်သွယ်ရေးအခွန်အခ၊ တရုတ်တစ်သျှူးငှက်ပျောစီမံကိန်း၊ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ သစ်ထုတ်လုပ်ရောင်းချမှု၊ ကျောက်စိမ်းတူးဖော်မှုတွေရှိနေပြီး ဒီအရာတွေနဲ့ ရပ်တည်နေကြတာလည်းဖြစ်ပါတယ်။

သက်ဆိုင်ရာ နယ်မြေအလိုက်မှာရှိနေတဲ့​ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ လုပ်ပိုင်ခွင့်အာဏာကို ရရှိနေကြတာဖြစ်ပြီး ဒီသယံဇာတကရရှိတဲ့ဝင်ငွေတွေနဲ့ ရပ်တည်နေတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

KIA က မျိုးနွယ်စုဝင် ပြည်သူ့စစ်တပ်ဖွဲ့တွေကို ဘယ်လို တုံ့ပြန်နေသလဲ

၂၀၁၂ ဆော့်လော်မြို့နယ် လောက်ခေါင်ကျေးရွာအထက်ဘက်မှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်စွဲနေရာယူလိုက်တဲ့ စခန်းနေရာကို ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဦးဆောင်တဲ့အဖွဲ့နဲ့အတူ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ လော်ဝေါ်၊ လချိဒ်လူငယ်အများဆုံးပါဝင်တဲ့ နယ်ခြားစောင့်တပ် (BGF) ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ KIA စခန်းကို လာရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒါဟာ ၂၀၂၀ အစောပိုင်း ပထမအကြိမ်တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဧပြီ ၁၂ ရက်နေ့က ပြည်သူ့စစ် ၂၀ လောက်ပါတဲ့အဖွဲ့ကို KIA တပ်မဟာ (၇) တပ်ရင်း ၄၆ နဲ့ PDF အဖွဲ့ဝင်တွေ ဆော့လော်မြို့ အရှေ့တောင်ဘက် ဗစ်ရှိန့်ရွာမှာ တိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်အဖွဲ့ ၃ ဦးသေဆုံးတဲ့အပြင် နောက်ထပ် ၆ဦးလည်း  KIA ဘက်က ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၃ မှာတော့ မြစ်ကြီးနား တာလောကြီးနဲ့ ဘောဒီဆား ဦးရွှေမင်းပြည်သူ့စစ်တပ်စခန်းကို KIA ဘက်က သွားရောက်တိုက်ခိုက်တာရှိသလို ဝိုင်းမော်မြို့တွင်းနဲ့မြစ်ကြီးနားမြို့ဘက်တွေမှာရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို တိတ်တဆိတ်ခေါ်ယူပြီး တွေ့ဆုံသတိပေးတာ ဖမ်းဆီးတာတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် လော်ဝေါ်မျိုးနွယ်စုဝင်ခေါင်းဆောင်တစ်ချို့ဦးဆောင်တဲ့ ဆော့်လော်ဌာနေပြည်သူ့စစ်အဖွဲ့ဝင်လို့ သတင်းထွက်နေတဲ့ တန်ဘောင်ရွာက အမျိုးသားတစ်ဦးကို KIA ဘက်က တိတ်တဆိတ်ခေါ်ယူပြီး ပြည်သူ့စစ်မလုပ်ဖို့သတိပေးခဲ့တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

KIA က ခေါ်ယူသတိပေးပြီး မကြာမီမှာဘဲ နေအိမ်ထဲမှာတင် ပစ်သတ်ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိသားစုဝင်နဲ့နီးစပ်သူတွေက KIA အနေနဲ့ချက်ချင်းသတ်လို့ရပေမယ့် ပြန်ပြီးလွတ်ပေးခဲ့တာကြောင့် ဒါဟာ KIA ရဲ့လက်ချက်မဖြစ်နိုင်ဘူးလို့ ပြောဆိုနေကြပြီး ပြည်သူ့စစ်အဖွဲ့ချင်းချင်း သတင်းပေါက်ကြားမှာ စိုးရိမ်တာကြောင့် နှုတ်ပိတ်လိုက်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာထဲကလည်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ချို့တိတ်တဆိတ်ဖမ်းဆီးခေါ်ဆောင်ပြီး သတိပေးခံရတာတွေလည်းရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝိုင်းမော်မြို့မှာနေထိုင်တဲ့ လော်ဝေါ်လူမျိုးနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးပြောတာကတော့ “ကျနော်တို့ကြည့်ရသလောက် KIA က မျိုးနွယ်စုအချင်းချင်း တိုက်ပွဲမဖြစ်ချင်တာလည်းပါမယ့် သဘောမှာရှိနေတယ်။ ဒီဘက်ဝိုင်းမော်တစ်ကြောမှာဆိုရင် တိတ်တိတ်လေးခေါ်ပြီး သတိပေးတာတွေရှိနေတယ်။ ဥပမာ သူတို့သတ်ချင်ရင်တော့ လူမသိ သူမသိသတ်လိုက်လို့ရကောင်းရနိုင်မှာပါ။ ဒါပေမယ့်ခေါ်ပြီးရင်သေချာအိမ်ပြန်ပို့ပေးတာတွေရှိနေတယ် ဒါကိုကြည့်ခြင်းအားဖြင့် အရမ်းသတိထားကိုင်တွယ်နေတယ်လို့ သုံးသပ်ပါတယ်”

အလားတူဘဲ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာလည်း မြန်မာနိုင်ငံ ရဝမ်ရိုးရာစာပေယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးထုံဖူးဒဂုန်နဲ့ ယဉ်ကျေးမှုအဖွဲ့ထဲက ခေါင်းဆောင်ပိုင်း ၃ ဦးလည်း KIA ဘက်က ဖမ်းဆီးထိန်းသိမ်းထားတာလည်းဖြစ်ပါတယ်။

ဦးထုံဖူးဒဂုန်ဟာ ပူတာအိုဒေသတစ်လျှောက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်အဖွဲ့ထဲ ပူးပေါင်းပါဝင်ဖို့ လိုက်လံစည်းရုံးလှုံ့ဆော်တာတွေကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံတစ်ချို့က သုံးသပ်နေကြတာပါ။

အလားတူ တစ်ဖက်မှာလည်း ပြည်သူ့စစ်နဲ့ပတ်သက်ပြီးတော့ KIA ဘက်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO တည်ရှိတဲ့ လိုင်ဇာမြို့ထိခေါ်ယူပြီး တွေ့ဆုံဆွေးနွေးတာတွေရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးအင်ဖန်နော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

ပြည်သူ့စစ်အဖွဲ့တွေရဲ့ လားရာ

ပြည်သူ့စစ်အဖွဲ့ဆိုတာ ခေတ်အဆက်ဆက် စစ်တပ်ရဲ့ရှေ့ပြေးအဖွဲ့ စစ်တပ်ရဲ့သတင်းပေး လမ်းပြဖြစ်တာကြောင့် လက်ရှိအခြေနေအရ စစ်မီးဝိုင်းပြီး စစ်တပ်အဖက်ဖက်ကနေ အင်အားဆုတ်ယုတ်လာတဲ့ချိန်( ဒါမှမဟုတ်) စစ်ကောင်စီတပ်လုံးဝယိုင်နှဲ့သွားတဲ့နေ့ ဒီပြည်သူ့စစ်တွေ ဘယ်လို ဘယ်ပုံစံနဲ့ဆက်လက်ရပ်တည်ကျန်နေမလဲဆိုတာ စဉ်းစားစရာကိစ္စရပ်တစ်ခုဖြစ်နေသလို အကျိုးဆက်အနေနဲ့မျိုးနွယ်စုကြား ပဋိပက္ခဖြစ်လာမလားဆိုတာလည်း စိုးရိမ်နေကြပါတယ်။

မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ဝါရင့် ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးပြောတာက “ ကျနော်စိုးရိမ်တာကဘာလဲဆိုရင် ခုကြည့် ရဝမ်မှာတန်ဂူးတန်ရှိနေတယ် စစ်တပ်ဘက်ကဆိုရင် လက်ရှိပူတာအိုမှာလှုပ်ရှားနေတဲ့အဖွဲ့ အဲလိုဘဲ KIA ဘက်ကလည်း ရဝမ် KPDF ရှိနေတယ် နောက်ပြီး KIA နဲ့မဟာမိတ်လုပ်ထားတဲ့ ခါကာဘို PDF ရှိနေတယ်။ ဥပမာ ပူတာအိုမှာ တိုက်ပွဲဖြစ်ရင် ဒီနှစ်ဖွဲ့က ထိပ်တိုက်တွေ့မှာဘဲ စစ်မြေပြင် တစ်ရွာချင်းသားတွေ အချင်းချင်း သူ့ဘက် ကိုယ့်ဘက်နဲ့ ရန်သူလို့သတ်မှတ်ပြီး ပစ်ကြခတ်ကြမှာ အဲလိုမျိုးဆိုရင် မျိုးနွယ်စုအချင်းချင်းကြား အဖုအထစ်တွေ ပိုဆိုးရွားလာနိုင်တယ်”

လက်ရှိ ကချင်ဒေသမှာတော့ ပြည်သူ့စစ်အဖွဲ့တွေများလာတဲ့အပြင် တပ်သားအတင်းအဓ္ဓမစုဆောင်းနေကြတာကြောင့် မျိုးနွယ်စုတွေကြား လူမုန်းခံနေကြရသလို ဖယ်ကျဉ်ခံရတာတွေလည်း ပိုများလာနေပါတယ်။ KIA ဘက်ကကော ပြည်သူ့စစ်တွေကို ဘယ်လိုကိုင်တွယ်သွားနိုင်သလဲလို့ ကချင်နိုင်ငံရေလေ့လာသူတစ်ဦးကို ဆက်ပြောတာကတော့ “ KIA ရဲ့ပုံစံကဘယ်လိုလဲဆိုရင် စစ်တပ်ဆုတ်ယုတ်သွားတာနဲ့ ဒီပြည်သူ့စစ်တွေကလည်း မှေးမှိန်သွားမှာဘဲ လုပ်ပိုင်ခွင့်တွေ ဘယ်သူကမှပေးတော့မှာမဟုတ်ဘူးလေ။ ဒါပေမယ့်  တစ်ခုရှိတာ သူတို့အားလုံးပူးပေါင်းပြီးတော့ KIA ကိုဆက်တိုက်ကြမလားပေါ့။ ဒါပေမယ့် ထင်သလောက်မလွယ်ပါဘူး KIA ကလည်း ခုနောက်ပိုင်း သူတို့ဘဲ မဟုတ်ဘူး KPDF တွေနဲ့တော်တော်အားကောင်းလာတာဆိုတော့ ”

၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေအားကောင်းလာသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှာလည်း နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့  KPDF တွေများလာတာကြောင့် အရင်ထက် အင်အားပိုကြီးလာတာကြောင့် ခေတ်အဆက်ဆက်က ပြည်သူ့စစ်တွေအမြစ်ဖြတ်မယ့် တိုက်ပွဲဖြစ်လိမ့်မယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အလားတူဘဲ ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့ သေဆုံးသွားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်းဟာ ပြည်သူ့စစ်မဖွဲ့ခင်ချိန်မှာတော့ လီဆူမျိုးနွယ်စုဝင်ထဲမှာ အတော်အသင့်ဩဇာအာဏာရှိသူလည်းဖြစ်ပါတယ်။

ဒါပမေယ့် သူရဲ့ရပ်တည်ချက်နဲ့ ရွေးချယ်မှုတွေကြောင့် ဘဝရဲ့နေဝင်ချိန်အဆုံးသတ်မှာတော့ သေချင်းမလှ သေဆုံးသွားပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေရဲ့အောက်မှာ မနေဘဲ ပြည်သူ့စစ်တွေအနေနဲ့ အမြင်မှန်ရဖို့လိုနေပြီလို့လည်း ဝိုင်းမော်မှာနေတဲ့ လီဆူမျိုးနွယ်စုဝင်တစ်ဦးက ပြောပါတယ်။

Zami

May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...
May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...