စစ်ကောင်စီ ဝှက်ဖဲထုတ် အသုံးပြုတိုက်ခိုက်နေပြီလား

စစ်ကောင်စီ ဝှက်ဖဲထုတ် အသုံးပြုတိုက်ခိုက်နေပြီလား

နန်းဆိုင်နွမ် — “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်း ၂၀၀ယကျော်နှင့် မြို့ပေါင်း ၂၀ နီးပါး ထိန်းချုပ်နိုင်ခဲ့ပြီး တဖက်တွင် စစ်ကောင်စီသည် နှစ်ပေါင်း များစွာအတွင်း စစ်ရေးအရ သမိုင်း၀င် ရှုံးနိမ့်မှုကြီး ကြုံတွေ့ခဲ့ရသည်။

ထိုသို့ စစ်ရေးအရ အရေးသာနေသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့အနက် ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်နယ်မြေ လောက်ကိုင်မြို့နယ် ဆီအောကျေးရွာ မြောက်ဘက် နန်ထင်မင်စမ်း ခေါ်  ပွိုင့်၂၂၀၂ (ဆင်ဦးကင်းတောင်ပေါ်) တွင် ကိုးကန့်တို့၏ နတ်ကွန်းကို မြန်မာတပ်မတော်က  ၂၀၁၅ခုနစ်တွင် ဖျက်ဆီးခဲ့ဖူးသည်။

၂၀၁၅ခုနစ်တွင် မြန်မာစစ်တပ်နှင့် MNDAA တပ်တို့သည် စစ်ရေးပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီ တပ်က အနိုင်ရခဲ့ကာ နန်ထင်မင်စမ်းနေရာကို စေတီတည်ခဲ့သည်။

ထိုမြန်မာစစ်တပ်က တည်ထား ကိုးကွယ်သည့် စေတီ တစ်ဆူကို ကိုးကန့် တပ်သား တစ်ဦးက ဖျက်ဆီးနေသော ရုပ်သံ ကို ဇန်နဝါရီလ ၈ ရက်တွင် ထုက်ပေါ်လာခဲ့သည်။

ကိုးကန့်ဒေသ သည်  ကိုးကန့်လူမျိုး များ နှစ်ပေါင်း ၃၀၀ကျော် အခြေစိုက်လာ ခဲ့ပြီး ဦ တရုတ်စာပေနှင့် ယဥ်ကျေးမှုကိ အခြေခံသေ ဒေသဖြစ်သည်။

ထို့အပြင်  တရုတ်ယဥ်ကျေးမှု လွှမ်းမိုးပြီး တရုတ်ယွမ်ငွေနှင့် တရုတ်ဖုန်းလိုင်း၊ တရုတ်ဘာသာစကားကို အဓိက သုံးစွဲသော ဒေသဖြစ်သည်။ ထို့ကြောင့် တရုတ်ရိုးရာ ဓလေ့ထုံစံနီးတူး ရိုးရာအရ နတ်ကိုးကွယ်ကြပြီး၊ မိုးနတ်မင်း၊ မြေနတ်မင်း အပြင် ဘိုးဘွား အစဥ်အဆက် တို့အားလည်း အလေးအမြတ်ထားပြီး ကိုးကွယ်ကြသည်။

ထိုသို့ ကိုးကန့်တပ်သား  တစ်ဦးက ဗုဒ္ဓဘာသာ၀င်တို့ အထွဋ်အမြတ်ထားသည့် စေတီပုထိုးကို ဖျက်ဆီးနေသည့် ရုပ်သံသည် စစ်ရှုံးနေသည့် စစ်ကောင်စီ၏ အကွက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားလေသည်။

ထိုအဖြစ်အပျက်ကို အသုံးချပြီး စစ်ကောင်စီက သျှမ်းပြည် အပါအဝင် မြန်မာတဝှမ်းတွင် MNDAA တပ်က ဘုးရား၊ စေတီပုထိုး ဖျက်ဆီးသည့် ကိစ္စ ဆန့်ကျင် ရှုတ်ချကြောင်း ဆန္ဒပြမှုများ ဇန်နဝါရီ ဒုတိယပတ်တွင် ဖန်တီးခဲ့သည်။

၎င်းဆန္ဒပြပွဲကို စစ်ကောင်စီ၏ လက်ပါးစေများ ဖြစ်သည့် မျိုးချစ်ရဟန်းတော်များ၊ အမျိုးဘာသာ သာသနာစောင့် အမည်ခံ ပုဂ္ဂိုလ်များ၊ သာသာနာနွယ်ဝင် သီလရှင်များနှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ကြံ့ခိုင်ရေးပါတီ၀င် များ ဦးဆောင်ခဲ့သည်။

နိုင်ငံအနှံ မြို့များစွာတွင် ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် “ ကိုးကန့်တပ်သား စေတီ ဖြိုဖျက်နေသည့်ပုံ” ကိုင်ဆောင်ပြီး၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူ အကြမ်းဖက်သမား များအား ဆန့်ကျင်သင့်ကြောင်း၊ လိုအပ်ပါက တပ်မတော်နှင့်အတူ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းရွက်ရန် အဆင်သင့် ရှိနေမည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။

“ကျနော်တို့ ရွာကလူတွေကို PNO က လာခေါ်တယ်။ လာခေါ်တုန်းကတော့ လမ်းလျှောက်ရမယ်။ တယောက်ကို ကျပ် ၁ သောင်း ပေးမယ်လို့ပြောပြီး ခေါ်သွားတာ။ PNO ကဆိုတော့ ဒေသခံတွေကလည်း ကြောက်တာ ပါတာပေါ့” ဟု တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာအုပ်စုတွင် နေထိုင်သည့် ပအိုဝ်း လူငယ် တစ်ဦးက ပြောသည်။

ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဖြစ်ပြီး PNO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သည့် ပြည်သူများသည် PNO ၏ လက်ခုပ်တွင်းက ရေလိုသာ။

ပအိုဝ်း PNO ဒေသတွင် နေထိုင်သည့် ပြည်သူများသည် PNO တပ်ဖွဲ့ကို ကြောက်ရပြီး ခေါ်သည့် အချိန်တိုင်း သွားရသကဲ့သို့ ပအိုဝ်း လူထု၏ ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုအခံကို သိရှိသဖြင့် စစ်ကောင်စီ ၀ါဒဖြန့်ချိရေး အတွက် လိုအပ်သလို အသုံးချ ခံနေရသူများသာ ဖြစ်သည်။

“ကျမတို့ ပအိုဝ်းလူမျိုးတွေက သာသနာကို အရမ်း ယုံကြည် ကိုးကွယ်ကြတာ။ ကိုယ်တစ်ကျပ် ရှိရင်တောင် မစားဘဲ လှူဒါန်းတဲ့ လူမျိုး၊ ဒါကိုသိတော့ စစ်ကောင်စီရဲ့ ဂွင်ထဲ ရောက်သွားတာပေါ့” ဟု အသက် ၃၀နှစ်အရွယ် ပအိုဝ်းတက်ကြွလှုပ်ရှားလူငယ် အမျိုးသမီး နန်းမိုခမ်း ကပြောသည်။

စစ်ကောင်စီ၏ ဇာတ်ကွက်ထဲ လိုက်ပါ ကပြ အသုံးတော်ခံရသည့် PNO လက်အောက်တွင် နေထိုင်နေရသည့် ပြည်သူများသည် တပ်၏ ဝါဒဖြန့်မှုကို ခံရသကဲ့သို့ ကျေးရွာ ဘုန်းကြီး၏ အမိန့်ကိုလည်း မလွန်ဆန်၀ံ့ကြပေ။

ကျေးလက်ဒေသနေ ပြည်သူ အများစုသည် လူမှုကွန်ရက် (Facebook) အသုံးပြုကြသော်လည်း လက်ရှိ စစ်တပ်ဝါဒဖြန့် ပလက်ဖောင်း ဖြစ်သည့်Telegram ကို အသုံးမပြုကြောင်း၊ သျှမ်းနိုင်ငံရေးနှင့် သျှမ်းပြည် မြောက်ပိုင်း စစ်ရေး အခြေအနေကို မသိရှိကြကြောင်းနန်းမိုးခမ်းက ဆိုသည်။

သို့သော် စစ်တပ်၏ ၀ါဒဖြန့်မှုသည် တစ်နိုင်ငံလုံး အတိုင်းအတာကို ပစ်မှတ်ထား ၀ါဒဖြန့်ချိသည်ဖြစ်ရာ ပအို၀်း လူထုမှာ အသုံးချခံသာ ဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။

အလားတူ သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင်လည်း “ ဆန္ဒပြတာတွေက စစ်ကောင်စီ ထိန်းချုပ်တဲ့ နေရာတွေမှာ လုပ်တာပါ။ နောက် မြို့ပေါ်က လူတွေကို ခေါ်တာ မဟုတ်ဘူး။ ကျေးရွာက ဘာမှ မသိတဲ့ ပြည်သူတွေကို အမိန့်အရ ဆိုပြီး ရိုးရာဝတ်စုံ ဝတ်ခိုင်းပြီး လမ်းလျှောက်ခိုင်းတယ်” ဟု ဒေသခံ လူငယ် စိုင်းတစ် ကပြောသည်။

ဘာသာရေး ကိစ္စ လမ်းပေါ်ထွက် ဆန္ဒပြသူ အများစုသည် မိုင်းဆတ်မြို့ ဘေးပတ်လည် ကျေးရွာရှိ အာခါ၊ လားဟူ စသည့် ဒေသခံ လူမျိုးစုများဖြစ်ပြီး၊ ထိုဒေသခံများသည် မြန်မာစကား ကောင်းမွန် နားလည်စွာ ပြောဆိုတတ်သူများ မဟုတ်သကဲ့သို့ သျှမ်းပြည် မြောက်ပိုင်း လောက်ကိုင်မြို့ ဖြစ်စဥ်ကို သိရှိသူများ မဟုတ်ကြောင်း၊ စစ်ကောင်စီ၏ အမိန့်အရ ဆိုသည့် ခေါ်ဆိုမှုကြောင့်သာ လာရသည်ဟု စိုင်းတစ် ကရှင်းပြသည်။

MNDAA စစ်ယူနီဖောင်း ဝတ်ဆင်ထားသော လူငယ် တစ်ဦးမှ စေတီ တစ်ဆူကို သံတူဖြင့် ရိုက်ထုခြင်းသည် ၎င်းတပ်မှ အမိန့်ပေးခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ကိုးကန့်တပ်ဖွဲ့က  က တုံ့ပြန် ထုတ်ပြန်ခဲ့သည်။

MNDAA အဖွဲ့ အနေဖြင့် လွတ်လပ်သော ဘာသာရေး ကိုးကွယ်မှုကို လေးစား လိုက်နာပြီး ဘာသာရေးများအား ဆန့်ကျင်ခြင်းနှင့် ဘာသာရေး အဆောက်အအုံများ ဖျက်ဆီးရန် အမိန့်ပေးခြင်းများ လုံးဝမရှိကြောင်း လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့ပြင် ကျူးလွန်သည့် MNDAA ရဲဘော်ကိုလည်း အရေးယူ အပြစ်ပေးရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဇန်နဝါရီ ၁၀ ရက်တွင် စစ်ကောင်စီ ဝါဒဖြန့်Telegram များတွင် နမ့်ဆန်မြို့အဝင် တောင်ကုန်းပေါ်ရှိ စေတီ တစ်ဆူကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့က ဘတ်ဟိုးဖြင့် ဖြိုချ ဖျက်ဆီးကြောင်း ၀ါဒဖြန့် ရေးသားခဲ့သည်ကို တွေ့ရသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး TNLAရဲ့ Telegram ပြန်ကြားရေးမှာ ပြန်ပြောဆိုထားခြင်းမရှိသကဲ့သို့  သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီ အနေဖြင့် ဝါဒဖြန့်ချိမှုများကို ယခင်က မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ၊ The New Light of Myanmar (The Global New Light Myanmar)၊ မြန်မာ့ရုပ်မြင်သံကြား၊ Facebook စာမျက်နှာတို့တွင်သာ တွင်တွင်ကျယ်ကျယ် အသုံးချခဲ့သည်။

သို့သော် စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် Telegram နှင့် TikTok ကဲ့သို့သော လူမှုကွန်ရက်များ ပိုမို အသုံးချ ဝါဒဖြန့်လာသကဲ့သို့ မြန်မာစစ်တပ် နောက်ကယ်မှ ကြိုးကိုင်သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ − မဘသ ကို ပွဲထုတ်ကာ ပွဲဆူအောင် လုပ်နေသည်။

MNDAA တပ်ဖွဲ့ဝင် တစ်ဦး၏ စေတီတစ်ဆူ ဖျက်ဆီးနေသည့် ရုပ်သံနှင့် ပတ်သက်ပြီး ဆန့်ကျင် ဆန္ဒပြမှုများကို လူဦးရေ အများအပြား အသုံးပြုကာ နိုင်ငံအနှံ့ လုပ်ဆောင်ခဲ့သည့် သတင်းများအား မြန်မာစစ်တပ်နှင့် ၎င်းတို့ ထောက်ခံ အားပေးသည့်Telegram Channel များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

လက်ရှိဖြစ်နေသည့် ပြည်တွင်းစစ် ဖြစ်စဥ်သည် တော်လှန်ရေး အင်းအားစု၊ လူမျိုးစု လက်နက်ကိုင် အင်အားစုများ အားလုံး အပေါ် စစ်ကောင်စီက အမျိုးသားရေးဆိုင်ရာ အမြင်ဖြင့် ပြန်ပြီး ဝါဒဖြန့်ကာ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေသည့် လက်နက်ကိုင် တော်လှန်ရေး အင်းအားစုဟု ပြည်သူများ မြင်လာစေရန် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြောင်း Burma Civil War Museum -BCM မှ ကိုရဲဟိန်းအောင်က ထောက်ပြ ပြောဆိုလိုက်သည်။

“မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် လက်ရှိ စစ်ပွဲကနေပြီး အမျိုးသားရေး (သို့မဟုတ်) ဘာသာရေးဆိုင်ရာ ပဋိပက္ခပုံစံ ပြောင်းလာနိုင်တယ်” ဟု ကိုရဲဟိန်းအောင်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီသည် သျှမ်းပြည် မြောက်ပိုင်းဒေသ၊ အာရက္ခိုင်ဒေသ၊ ကရင်နီပြည်နှင့် ကရင်ပြည်ဒေသများတွင် စစ်ဆုံးရှုံးမှု များလာပြီးနောက် အခိုင်အမာ ခံစစ် တည်ဆောက်ကာ ဗုဒ္ဓဘာသာနှင့် အမျိုးသားရေး အစွန်းရောက်များ ပေါင်းစပ်ထားပြီး အသိအမြင် တံခါးပိတ်ထားသည့် နိုင်ငံရေးစနစ် တစ်ခု ထူထောင်ရန်နှင့် စစ်ပွဲကို ဗုဒ္ဓဘာသာနှင့် အမျိုးသားရေး အစွန်းရောက် အနေဖြင့် ပုံစံပြောင်းရန် ကြိုးစားနေကြောင်း ကိုရဲဟိန်းအောင်က ဆက်ပြောသည်။

“လက်ရှိမှာတော့ ဘာသာရေးပုံစံနဲ့ တိုက်နေတယ်။ အဲ့လို ဖြစ်နေတယ်လို့ ဖော်ပြချက် မဟုတ်ဘူး။ ဒါပေမယ့် ရေရှည်မှာ အဲ့လိုလုပ်နိုင်တယ်လို့ ကျနော် သုံးသပ်တယ်” ဟု ၄င်းက ထောက်ပြ ပြောဆိုသည်။

စစ်ကောင်စီသည် အဖက်ဖက်က စစ်ရှုံးနေသည့်အတွက် အရှက်ကို ဖုံးကွယ်လိုသည့် စိတ်ကြောင့် တိုင်းရင်သား တော်လှန်ရေး အင်အားစုများကို ရုပ်ဖျက်ကာ အနိုင်ရလိုသည့်အတွက် သွေးရူးသွေးတန်း ထင်ရာစိုင်းပြီး ဗုဒ္ဓဘာသာကို ကိုင်တွယ် အသုံးချလာခြင်း ဖြစ်သည်။

စစ်ကောင်စီ ခေါင်းဆောင်နှင့် အပေါင်းအပါးများလည်း ၎င်းတို့ ဝါဒဖြန့် မီဒီယာ ပလက်ဖောင်းများတွင် ဘာသာရေး ကိုင်းရှိုင်းသူများ အဖြစ် နေ့စဥ်နှင့်အမျှ ကုသိုလ်ပြု ဘုရားကျောင်းတက် ပြုလုပ်နေပုံ၊ အခြားဘာသာဝင် များကို လေးစားမှု ပြုလုပ်နေသည့်ပုံများ ဖော်ပြနေပြီး ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် ကြိုးစားနေသည်ကို တွေ့ရသည်။

တဖက်တွင် မြန်မာစစ်တပ်သည် နှစ်ပေါင်းများစွာ တိုင်းရင်းသားလူမျိုးများ၏ ကိုးကွယ် ယုံကြည်မှုနှင့် ရိုးရာ၊ တိုင်းရင်းသားများ၏ အထွတ်အမြတ် နေရာများကို ဖျက်ဆီးခဲ့သကဲ့သို့ မြန်မာနိုင်ငံသား လူနည်းစုများ ကိုးကွယ် ယုံကြည်သည့် ဘာသာရေး အဆောက်အအုံများကိုလည်း ဖျက်ဆီးခဲ့သည်။

မြန်မာစစ်တပ် အာဏာသိမ်းသည့် ရက်မှ စပြီး ၂၀၂၃ ခုနစ် ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု တစ်ခုတည်းကြောင့် ဘာသာရေး အဆောက်အအုံ (၇၆) လုံး ပျက်စီးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ပြုစုထားသည့် စာရင်းများအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်  တိုက်ခိုက်စီးနင်းမှုများ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် လုပ်လာသည့် အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် ဘာသာရေးဖိနှိပ်မှုများအား ပစ်မှတ်ထားလုပ်ဆောင်မှု ရှိနေ ကြောင်းလည်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ)က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်က အစီရင်ခံစာ ထုတ်ပြန်အသိပေးခဲ့သည်။

တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး အားနည်းမှု၊ စာပေအားနည်းမှု ဘာသာရေး ကိုးကွယ်ယုံကြည်မှုကို ကောင်းမွန်စွာ အသုံးချသည့် မြန်မာ့စစ်တပ် အနေဖြင့် ဝါဒဖြန့်မှုတွင် အထိုက်အလျှောက် အောင်မြင်စေသည်။

“တိုင်းရင်းသားတွေကို ပြောချင်တာတော့ အရင်လို စစ်ကောင်စီရဲ့ နိုင်ငံရေး အသုံးချခံ မဖြစ်စေချင်ဘူး။ လက်ရှိ နိုင်ငံရေး ဘာဖြစ်နေလဲ ဆိုတာ သိဖို့လိုအပ်တယ်။ စစ်ကောင်စီကတော့ ဘာသာရေးကို အသုံးပြုပြီး ဝါဒဖြန့်  ရန်တိုက်နေအုံးမယ်။ ဒါတွေကို သတိရှိဖို့ လိုအပ်တယ်” ဟု နန်းမိုခမ်းက ထောက်ပြပြောဆိုလိုက်သည်။

Most read this week

May 10, 2024
မြစ်ကြီးနား-ဝိုင်းမော်ဆက်သွယ်ထားတဲ့ ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားရှိ စုပေါင်းစစ်ဆေးရေးဂိတ်ကို...
May 9, 2024
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ ( 7 EAO Alliance)  ...
May 8, 2024
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူရွာတွင် နေထိုင်သည့် ဒေသခံ ၉...
May 7, 2024
သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ...