ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ကချင်လူငယ်တွေရဲ့ အခက် တော်လှန်ရေးတပ်ဖွဲ့တွေလည်း လူငယ်တွေကို ဖိတ်ခေါ်

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ကချင်လူငယ်တွေရဲ့ အခက် တော်လှန်ရေးတပ်ဖွဲ့တွေလည်း လူငယ်တွေကို ဖိတ်ခေါ်

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ကချင်လူငယ်တွေရဲ့ အခက် တော်လှန်ရေးတပ်ဖွဲ့တွေလည်း လူငယ်တွေကို ဖိတ်ခေါ်

အသက်အရွယ် ၁၈ နှစ်ပြည့် လူငယ်တွေ စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာပြီးနောက် ကချင်လူငယ်တချို့ နိုင်ငံခြား ထွက်ဖို့ ပြင်ဆင်လာကြသလို တချို့ကလည်း ရွေးချယ်စရာမရှိ တော့အဆုံး တော်လှန်ရေးအဖွဲ့တွေမှာ ပါဝင်ဖို့ စဉ်းစားနေသူတွေလည်း ရှိနေပါတယ်။

စစ်မှုထမ်း ဥပဒေထွက်လာပြီး တစ်ပြိုင်နက် ကချင်ဒေသအသီးသီးမှာ ရှိနေတဲ့ ကာကွယ်ရေးအဖွဲ့တွေကလည်း လူငယ်တွေကို လာရောက်ပူးပေါင်းနိုင်တဲ့အကြောင်း ထုတ်ပြန်နေတာလည်း ဖြစ်ပါတယ်။

ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ တပ်သားသစ်စုဆောင်းနေကြတာဟာ ထုံးတမ်းစဉ်လာတစ်ခုလို ဖြစ်နေပေမယ့် စစ်ကောင်စီဖက်ကတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာမှာ စစ်မှုထမ်းဥပဒေကို အာဏာတည်စေတဲ့အမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း

စစ်မှုမထမ်းမနေရ ဥပဒေကို ဦးသန်းရွှေအစိုးရ လက်ထက် ၂၀၁၀ နိုဝင်ဘာမှာချမှတ်ခဲ့ပြီး၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က အသက်သွင်းကြေညာလိုက်တာဖြစ်ပါတယ်။

ဥပဒေအရ အကျုံးဝင်သူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ထမ်းဆောင်ရမှာဖြစ်ပြီး ပညာရှင်နဲ့ တခြားလက်မှုပညာ တတ်မြောက်ထားရင်တော့ ၄၅ နှစ်ထိ စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အမျိုးသမီးဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ ထမ်းဆောင်ရမှာဖြစ်ပြီး ပညာရှင်ဆိုရင်တော့ အသက် ၃၅ နှစ် အထိ ထမ်းဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

တစ်ဆက်တည်းမှာဘဲ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ‘ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့’ ကို စစ်ကောင်စီကဖွဲ့စည်းပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အသက်သွင်းလိုက်တဲ့ ဒီစစ်မှုထမ်းဥပဒေကို ဧပြီလအတွင်းစတင်အကောင်အထည် ဖော်မှာဖြစ်ပြီး အပတ်စဉ်တခုမှာ လူဦးရေ ၅၀၀၀ နှုန်းနဲ့ တနှစ်စာအင်အား လူ ၆၀,၀၀၀ နှုန်းကို လျာထားသလို တစ်ဖက်မှာလည်း စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်မယ့်‘အရန်တပ်ဖွဲ့ ဥပဒေ’ ကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်မှာပဲ အသက်သွင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနမှာ ရေးသားဖော်ပြထားပါတယ်။

တိုင်းရင်သားလက်နက်ကိုင်တစ်ချို့ရဲ့ စစ်မှုထမ်းဥပဒေနဲ့ တပ်သား စုဆောင်းနည်းများ

နှစ်ပေါင်း ၆၀ ကျော် ဝါရင့်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA ကတော့ ကချင်လူငယ်တွေကို တော်လှန်ရေးထဲ ပါဝင်လာဖို့ တိကျတဲ့ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ကြေညာထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် အရင်ကတည်းက ကချင်နေအိမ်တွေကို တစ်အိမ်တစ်ယောက်လုပ်ဖို့ စုစောင်းတာအပြင် နေရာစုံမှာ ပုံစံမျိုးစုံနဲ့ တပ်သားစုဆောင်းခဲ့ပါတယ်။

ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ ရှမ်းမြောက်အခြေစိုက် KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ကချင်လူငယ်တွေကို တော်လှန်ရေးထဲပါဝင်လာဖို့ စာထုတ်ပြီး တရားဝင်ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကိုယ်တိုင်က”အခုအခြေဟာ အားလုံးအတွက် နောက်ဆုံးသောအခွင့်အရေးအကြီးဖြစ်တဲ့အတွက်အားလုံးပါဝင်လာကြဖို့ ခေတ်အဆက်ဆက် သမိုင်းကြောင်းကိုကြည့်ရင် အပြောင်းအလဲဖြစ်စေတာလဲ လူငယ်တွေဘဲ ဖြစ်တဲ့အတွက် ကျန်မာသန်စွမ်းတဲ့ လူငယ်တွေအနေနဲ့ KIA တပ်မတော်ထဲလာပြီး ပါဝင်အားဖြည့်ပေးဖို့”သူ့ရဲ့ မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။

KIA တပ်ဖွဲ့အနေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေမျိုး တိတိကျကျထုတ်ပြန်ထားတာမရှိသော်လည်း ကျေးရွာတွေမှာတပ်သားသစ်စုဆောင်းတဲ့အခါ ကြိုးသုပ်ဖမ်းဆီးမှုတွေကြောင့် ဝေဖန်ခံရမှုတွေလည်း ရှိခဲ့ပါတယ်။

ခေတ်အဆက်ဆက် KIA နဲ့ တပ်သားသစ်စုဆောင်းပုံနဲ့ ကချင်လူထုပါဝင်မှုအခြေအနေတွေကို ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလိုပြောပါတယ်။

“အရင်ကတည်းက ကေအိုင်အေရဲ့ တပ်သားစုဆောင်းတဲ့ ပုံစံတွေက ကျေးရွာတွေမှာဆို တစ်အိမ် မလုပ်မနေရဆိုပြီး နားလည်မှုနဲ့ လုပ်ခိုင်းတာပေါ့။ ဒါပေမယ့် အဲဒါတွေက မြို့ပေါ်တွေမှာတော့ မထိရောက်ဘူးပေါ့။ ဒီတိုင်းပျော်နေကြတဲ့လူငယ်တွေ လျှောက်လည်ကြ လူစုနေတဲ့ နေရာတွေမှာဘဲ စုဆောင်းတာတွေဘဲ ရှိတာပေါ့။ဒါပေမယ့်လည်း များသောအားဖြင့် ကိုယ့်ဆုံးဖြတ်ချက်နဲ့ လာခဲ့တာ မရှိဘူးပေါ့။ များသောအားဖြင့် ၉၉ ရာခိုင်နှုန်းလောက်ကတော့ ဖမ်းဆီးစုဆောင်းထားတာတွေ ပဲပေါ့။ မိဘတွေကိုယ်တိုင်လည်း KIA ကိုကြိုက်ပေမယ့် ကိုယ့်သားသမီး စစ်သားလုပ်တာတော့ မကြိုက်ကြဘူးပေါ့။”

ဒါ့အပြင် သူက “လူငယ်တွေက တကယ်ကို လုပ်ချင်စိတ်နဲ့ သွားတဲ့အချိန် သူတို့ ထင်ထားသလို ပြန်မဖြစ်နေတော့ စိတ်ပျက်တာတွေရှိတာပေါ့။ အဲကြောင့် ခေါင်းဆောင်တွေလည်း ပြောင်းလဲပစ်ရမယ့် အရာတွေရှိတယ်” လို့ ဆက်ပြောပါတယ်။

ရှမ်းမြောက်မှာအခြေစိုက်တဲ့တအာင်းလွတ်မြောက်ရေးတပ်မတော်  TNLA ကတော့ ၂၀၁၇ ဇူလှိုင်လ ၂၉ ရက်နေ့ နေ့စွဲနဲ့စစ်မှု မထမ်းမနေရ ဥပဒေကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အသက် ၁၆ နှစ်ပြည့်ပြီးဖြစ်တဲ့ တအာင်းလူငယ် မည်သူမဆို မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပြီး မိသားစုတစ်ခုတွင် အသက် ၁၈ နှစ်ကနေ ၃၅ အတွင်းသားယောက်ကျားလေး နှစ်ဦးရှိပါက တစ်ဦးက အမျိုးသားတာဝန်အရ စစ်မှုမထမ်းနေရ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း နှစ်ဦးထဲက တစ်ဦးက စစ်မှုမထမ်းမနေရ ဥပဒေမထုတ်ပြန်ခင် ပြီးခဲ့တဲ့ သုံးနှစ်အလိုကတည်းက သာသနာ့ဘောင်ထဲရှိနေပါက ကျန်တစ်ဦးကို ကင်းလွတ်ပေးမယ်လို့ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။

အလားတူ နှစ်ဦးထဲက တစ်ဦးက စိတ်ပိုင်းဆိုင်ရာသို့မဟုတ် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းနေရင်လည်း ချို့ယွင်းနေရင်လည်း ကင်းလွတ်ခွင့်ပေးမယ်လို့ သိရပါတယ်။

ဒီ ဥပဒေကိုဘဲ TNLA တအာင်းလွတ်မြောက်ရေး တပ်မတော်က အခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထပ်မံထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုးကန့်တပ် MNDAA ကတော့ စစ်မှုထမ်း ဉပဒေနဲ့ ပတ်သက်တဲ့အကြောင်းအရာကိုထုတ်ပြန်ထားတာမရှိပေမယ့် လက်ရှိMNDAA သိမ်းပိုက်နယ်မြေမှာနေထိုင်တဲ့ ပြည်သူတွေကို အသက် ၁၆ နှစ်ပြည့်ပြီ ဖြစ်တဲ့ မည်သူမဆို စစ်မှုထမ်းဆောင်ရမှာ ဖြစ်တယ်ဆိုပြီး ပြောဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ရှမ်းမြောက်မှာ လက်ရှိနယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်တပ် MNDAA အနေနဲ့ ဒေသခံတွေ အသက် ၁၈နှစ်မပြည့်သေးတဲ့ ကလေးသူငယ်များကို စစ်သားစုဆောင်းခြင်း လုံးဝမပြုလုပ်ရန် World Kachin Congress WKC က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ဒီစစ်မှုထမ်းဥပဒေဟာ ဘယ်ဖက်ကို ပိုအားကောင်း စေနိုင်လဲ

စစ်မှုထမ်းဥပဒေ အတည်ပြုစေတဲ့အမိန်ထုတ်ပြန်ပြီး ၂ ပတ်လောက်မှာပဲ လူငယ်အချို့က တော်လှန်ရေးတပ်ထဲ ဝင်ရောက်လာဖို့အတွက် ဆက်သွယ်လာတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် NBPDF တာဝန်ခံ တစ်ဦးက ပြောပါတယ်။

“အရင်ကထက်စာရင်တော့ အနည်းငယ်တော့ များလာတာပေါ့ ခြေလှမ်းလှမ်းတဲ့သူတွေ များလာတာပေါ့ ၂၀ရာခိုင်နှုန်းလောက် ထိတော့ တိုးလာတော့ စစ်ကိုင်းတိုင်းမှာဆိုရင် စုံလုံးပစ်ဝင်လာတယ်။ ပြီးရင်ကျွန်တော်တို့ကတော့ ဒလံတွေပါမလာအောင် အရမ်းစီစစ်တယ် နောက်ခံတွေ စုံစမ်းတယ် စစ်တမ်းကောက်တယ် ဘယ်ကလဲဆိုတာတွေပေါ့ ကျွန်တော့တို့ကတော့ အရမ်းခက်ခဲနေရင်ကြိုဆိုပါတယ်။ ချိတ်ဆက်ပြီး ဆက်သွယ်လာပေါ့နော ကျွန်တော့တို့ ပို့ပေးလို့ ရတယ်။ အခုမှခြေလှမ်းလှမ်းမယ့် ကလေးတွေကိုလည်း ကြိုဆိုပါတယ်” လို့ သူကပြောပါတယ်။

နောက်ဆုံး စစ်ကောင်စီဘက်က အိမ်ထိလာဆွဲခေါ်တဲ့ အခြေအနေရောက်လာရင်တော့ နီးစပ်ရာ KIA ထဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့အကြောင်း မြစ်ကြီးနားက ကချင်လူငယ်တစ်ဦးကလည်း အခုလို ပြောပါတယ်။

“စစ်ကောင်စီဘက်က အိမ်ထိလာဆွဲခေါ်သွားမှာလည်း ပြန်စိုးရိမ်ရ KIA ထဲဝင်ပြီး တော်လှန်ရေး လုပ်မယ်ဆိုရင်လည်း မိဘတွေက အသက်ကြီးပြီးဆိုတော့ ကိုယ်မရှိရင်ဘာနဲ့မှ မစားဘူးလေ ဆိုတော့ခြေထောက်အချိုးခံလိုက်ရတဲ့ အခြေအနေလို ဖြစ်နေတာပေါ့”လို့ မြစ်ကြီးနားမြို့ပေါ်က ကချင်လူငယ်အမျိုးသားတစ်ဦးက KNG ကို ပြောဆိုပါတယ်။

စစ်ကောင်စီအောက် ပြည်သူ့စစ်အားကောင်းတဲ့ ကချင်ပြည်နယ်မှာတော့ စစ်မှုထမ်းဥပဒေကြောင့်ဘယ်လိုဖြစ်လာမယ်ဆိုတာ မရေရာသးဘူးလို့ လေ့လာသုံးသပ်သူတစ်ချို့က ပြောဆိုနေကြတာလည်း ရှိပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ Kachin Women Association Thailand – KWAT ပြောရေးဆိုခွင့် ရှိသူ မဂျာအိန်ကတော့“အခုလို စစ်မှုမထမ်းမနေရ ဥပဒေထုတ်လိုက်တော့ သူတို့အတွက် ပေါ်ပေါ်တင်တင်နဲ့ ပေါ်တာဆွဲဖို့ အခွင့်အရေး ရသွားတာပေါ့။ အဲလို မသင့်မြတ် တဲ့ကြားကနေအဲလိုဖြစ်လာမယ်ဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့မြင်တယ်။နှစ်ရှည်လပေါင်းများစွာ အမြစ်သွယ်နေတဲ့စစ်ကောင်စီကို အမြစ်ဖြတ်ဖို့တော့လွယ်မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ဆို

အချိန်တစ်ခုရောက်လာတဲ့ အခါမှာတော့ လိုချင်တဲ့ပန်းတိုင်ကိုတော့ ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အလားတူ အခုလိုအခြေအနေအကျဉ်းအကြပ်အမျိုးမျိုးကြောင့် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပါတယ်။

“ပြည်သူလူထုရော လူငယ်တွေပါ စစ်ကောင်စီကို မကြိုက်ကြဘူး။ ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက် အင်အားတောင့်တင်းလာမယ် တိုင်းရင်းသားတွေနိုင်လာနိုင်တယ်။ ဒါကကောင်းတဲ့ အချက်တွေပေါ့ မကောင်းတဲ့ အချက်တွေက လူငယ်တွေရဲ့ ပညာရေး အခွင့်အရေးတွေ ဆုတ်ယုတ်လာမယ် ရှာဖွေစားသောက်ရခက်လာမယ် လူတွေစိတ်ကျရောဂါ

တွေ ဖြစ်လာမယ်ပေါ့ ဒါကဘယ်လောက်ကြာမလဲဆိုတာပြောဖို့တော့ ခက်တယ်။ ဒါပေမယ့်လည်း နောက်ဆုံး တိုက်ပွဲမို့လို့လူငယ်တွေလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မြန် မြန်ချဖို့လို့တယ် အားလုံးပါဝင်မှ ဖြစ်မယ် ရှောင်နေလို့မရတော့ဘူး။” လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဒါကြောင့် သက်ဆိုင်ရာလူကြီးတွေအနေနဲ့ မှန်ကန်စွာနဲ့ လူအခွင့်အရေးနဲ့အညီ လူငယ်တွေကို ဦးဆောင်နိုင်ဖို့ ပြင်ဆင်ထားရင် လူငယ်တွေဟာ တော်လှန်ရေးထဲ ဝင်ရောက်လာနိုင်တယ်လို့ ဆက်လက်သုံးသပ်ထားပါတယ်။

စစ်တပ်ဥပဒေ မသက်ရောက်တဲ့ဒေသ နဲ့ နိုင်ငံခြားထွက်ကြမယ့် လူငယ်တွေ စစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဒီစစ်မှုထမ်း ဥပဒေဟာ စစ်ကောင်စီအုပ်ချုပ်တဲ့ ဒေသတွေမှာသာ ထိရောက်နိုင်ပြီးစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားတဲ့ဒေသတွေမှာတော့ မသက်ရောက်နိုင်ဘူးလို့ ရှမ်းမြောက်ဒေသက တော်လှန်ရေးနဲ့ လူငယ်ကဏ္ဍတွေမှာ ပါဝင်နေတဲ့ ကချင် လူငယ်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ ညီနောင်သုံးဖော်စစ်ဆင်ရေး လုပ်ပြီးတဲ့နောက် စစ်ကောင်စီတွေလည်းမရှိတော့ဘူး ပြီးတော့ ဒီမှာက လွတ်မြောက်နယ်မြေလေ တိုင်းရင်းသား လက်နက်ကိုင်တွေဘဲ အုပ်ချုပ်နေတာဆိုတော့ အဲဥပဒေက ဘာမှထိရောက်မှုမရှိဘူးလေ ပြီးတော့ ဒီက လူငယ်တွေ ၄၀ရာခိုင်နှုန်းလောက်က တော်လှန်ရေးထဲပါဝင်ကြတယ်။ ပြီးတော့ ၃၀ရာခိုင်နှုန်းလောက်က ပညာသင်ကြတယ် နောက်ထပ် ၃၀ရာခိုင်နှုန်းက အလုပ်လုပ်ကြတယ်။ အရင်ကတော့ လောက်ကိုင်တွေမှာ သွားလုပ်ကြတာပေါ့ ဒါပေမယ့် အခုကတော့ တရုတ်ပြည် ရွှေလီဘက်တွေမှာ အလုပ်သွားလုပ်ကြတယ် ။စစ်ပြန်ဖြစ်လာခဲ့ရင်တောင် အားလုံးက တော်လှန်ရေးထဲ ပါဝင်ဖို့အဆင်သင့်ရှိနေတယ်။ ဒါကြောင့်မို့ လို့ အခုချိန်မှာ တစ်နိုင်ငံလုံးက ကိုယ်ရဲ လက်ထက်မှာ ပြီးသွားပါစေဆိုပြီး ကြိုးစားနေတဲ့အချိန် ရှောင်ပြေးတာမျိုးက ကျွန်တော်တို့ကို ကိုလွတ်မြောက်စေမှာ မဟုတ်ဘူးလို့ မြင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ အုပ်ချုုပ်မှုကနေ လွတ်မြောက်သွားတဲ့ လူငယ်တွေကတော့ သက်ဆိုင်ရာတိုင်း ရင်းသားအဖွဲ့တွေရဲ့စစ်မှုထမ်း ဥပဒေကို လိုက်နာရဖို့ ရှိနေပါတယ်။

ဒ့ါအပြင် တော်လှန်ရေးထဲ မဝင်ဘဲ နိုင်ငံခြားထွက်မယ့်သူတွေနဲ့ ပညာသင်ကြားမယ့်သူတွေလည်း အလွန်များပြားနေပါတယ်။

မြန်မာပြည်အတွက်တော့ ထိုင်းနိုင်ငံကို ထွက်ခွာမယ့်သူတွေ များပြားလာတာကြောင့် ရန်ကုန်ထိုင်းသံရုံးကနေ ဖေဖော်ဝါရီ  ၁၆ရက်နေ့ကစပြီး တစ်နေ့ကို လူအယောက် ၄၀၀ အတွက်ကိုသာ ဗီဇာလုပ်ဖို့ အတွက် တုံကင်တွေပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုအခြေအနေတွေမှာ ထိုင်းနိုင်ငံကို အောက်လမ်းကနေ တရားမဝင်ဝင်ရောက်လာတဲ့ လူတွေလည်းဖမ်းဆီးခံနေရပါတယ်။

ဒီကာလအတွင်းမှာဘဲ ထိုင်းကို ထွက်ခွာတဲ့လူတွေ အလွန်များလာတာကြောင့် နယ်စပ်ဂိတ်တွေမှာ စစ်ဆေးမေးမြန်းမှုတွေ အရမ်းကို တင်းကြပ်နေတယ်လို့ တာချိလိတ်–မယ်ဆိုင် ထိုင်းနယ်စပ်က နိုင်ငံခြားထွက်ခွာမယ့် လူတွေကို ကူညီပေးနေတဲ့ဒေသခံတစ်ဦးက KNG ကို ပြောဆိုခဲ့ပါတယ်။

Most read this week

May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...