ကျောက်ဖြူ ဓညဝတီရေတပ်စခန်း မှ ရခိုင်လူမျိုး စစ်ကောင်စီတပ်သားတချို့ထွက်ပြေး၍ သေနတ်ဖောက်ပြီး လိုက်ရှာ

ကျောက်ဖြူ ဓညဝတီရေတပ်စခန်း မှ ရခိုင်လူမျိုး စစ်ကောင်စီတပ်သားတချို့ထွက်ပြေး၍ သေနတ်ဖောက်ပြီး လိုက်ရှာ

ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် တွင် အခြေစိုက်ထားသည့် ဓညဝတီရေတပ်စခန်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင် ရခိုင်လူမျိုးတချို့ထွက်ပြေးသွားသောကြောင့် အနီးအနားကျေးရွာများတွင် သေနတ်ပစ် ဖောက်ပြီး လိုက်ရှာနေကြသည်ဟု  ဒေသခံများထံမှသိရသည်။

“မနက် ၄ နာရီလောက်ကတည်းက ကြံချိုင်ရွာကိုဝင်ရှာတယ်။ မနက် ၁၁ နာရီလောက်မှ ပြန်သွားကြတယ်။ ဝင်လာတဲ့အခါ ဘယ်လိုဝင်လာလည်း ဘယ်သူမသိလိုက်ဘူး။  ရွာကထွက်တဲ့အခါ စစ်သား ၃၀ လောက် ကုန်းကြောင်းကနေ ထွက်တယ်။ ရေကြောင်းက ၂၀ ကျော်လောက် ထွက်သွားတာကို တွေ့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

စစ်ကောင်စီတပ်သားရခိုင် လူမျိုးများသည် ဖေဖော်ဝါရီ ၁၅ရက်နေ့ နံနက် ၂နာရီခန့်တွင် ထွက်ပြေး သွားသည်ဟု ထင်မြင်မိကြောင်း၊ လိုက်လံရှာဖွေသည့် စစ်ကောင်စီတပ်သားများသည် ကြံချိုင်ရွာ အနီးတောင်တန်းတွင် သေနတ်ငါးချက်ပစ်ခတ်ခဲ့ပြီး တောင်းတန်း အဆင်းတွင်လည်း သေနတ်များ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်  ရခိုင်အမျိုးသမီး ၂ဦးနှင့် အမျိုးသား၁ဦး၊ ယနေ့ ဖေဖော်ဝါရီ ၁၅ရက်တွင် ရခိုင်လူမျိုး စစ်ကောင်စီတပ်သား ၃ဦးထွက် ပြေးသွားခဲ့သည်ဟု သိရသည်။

ယခုလပိုင်းတွင် ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်တွင် အခြေချထားသည့် ဓညဝတီရေတပ်စခန်းမှ စစ်ကောင်စီ အထက်ပိုင်းအရာရှိအပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။

“အနီအနားရွာတွေက အရင်ကတည်းက လက်နက်ကြီးနဲ့ပစ်တော့လူတွေကရှောင်နေတာ မရှိသလောက် ဖြစ်သွားပြီ။ စည်မော်၊ စစ်တော၊ သစ်ပုတ်တောင်ရွာတို့မှာ မရှိသလောက်ဖြစ်သွားပြီ။ နီးစပ်တဲ့ ရွာတွေမှာ ရင်းနှီးရာခိုကပ် စားနေကြရတယ်။ အခက်အခဲဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓညဝတီရေတပ်စခန်း အနီးရှိ စည်မော်၊ စစ်တော၊ သစ်ပုတ်တောင် ကျေးရွာတို့မှ ဒေသခံများသည် မဒေးကျွန်းဖက်သို့စစ်ရှောင်နေကြရပြီး ငှက်ပျောချောင်း၊ ကုလားဘာကျေးရွာတို့တွင်လည်း စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခြင်းများရှိ၍ ရွာသားများ ထွက်ပြေးနေရကြောင်းသိရသည်။

သစ်ပုတ်တောင်တွင် အခြေစိုက်သည့် ဓည၀တီ ရေတပ်စခန်းသည် ကျောက်ဖြူမြို့နှင့် ၄မိုင်ခန့် အကွာတွင်တည်ရှိပြီး တရုတ်စီမံကိန်းတည်ရှိရာ မဒေးကျွန်းနှင့် ၅ မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်‌ကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်စခန်း” အား ရက္ခိုင့်တပ်တော် (AA) မှ ဇန်နဝါရီ ၈ ရက် နံနက် (၆) နာရီဝန်းကျင်၌ ပထမဆုံးအကြိမ် စတင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၈ ရက် နံနက် ၇ နာရီဝန်းကျင်က သစ်ပုတ်တောင် ဓညဝတီရေတပ် စခန်းကို AA က ဒုတိယ အကြိမ် ရှော့တိုက်ဒုံးဖြင့် ၅ ကြိမ်ပစ်ခတ်ခဲ့ရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...