မြပုခက်ကျော်လှိုင်(၁၉၃၃ – ၁၉၆၇)

မြပုခက်ကျော်လှိုင်(၁၉၃၃ – ၁၉၆၇)

ဒီနေ့မြန်မာပြည်ရဲ့နေရာအနှံ့အပြားက ရန်သူ့စစ်စခန်းတွေ သိမ်းပိုက်ရရှိတဲ့သတင်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတဲ့သတင်းတွေ စတဲ့တိုက်ပွဲသတင်းတွေကို နေ့စဉ်လိုလို ကြားသိရတော့ ကရင့်တော်လှန်ရေး သမိုင်းစာ မျက်နှာတွေထဲက တိုက်ရေခိုက်ရေ အင်မတန် ထူးချွန်ထွန်းပြောင်တဲ့ ဒုတိယဗိုလ်မှူးကြီး စောကျော်လှိုင် (ခ) မြပုခက် ကျော်လှိုင်ကို သတိရမိပါတယ်။ ထိုစဉ်က အုပ်စိုးသူ(ဖဆပလ)အစိုးရရဲ့ လက်ကိုင်တုတ်တပ်ဖွဲ့တွေက မြပုခက်ကျော် လှိုင်နဲ့ ရင်ဆိုင်ရမှာ ကြောက်ဒူးတုန်ကြသတဲ့။ မြပုခက်ကျော်လှိုင်၊ တစ်ချက်တစ်ကောင် ချစ်လေးမောင်တို့ဆိုတာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ထိုစဉ်က အစိုးရစစ်တပ်တွေ ဖိန့်ဖိန့်တုန်ကြရတဲ့ တကယ့်နာမည်ကြီးတွေပေါ့။

ဒီနေ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ တိုင်းရင်းသားလူမျိုးစုအသီးသီးက တပ်ဖွဲ့တွေနဲ့ မျိုးဆက် သစ် PDF – PLA – BPLA စတဲ့ တပ်တွေမှာ ဦးဆောင်တိုက်ပွဲဝင်နေကြသူတွေဟာ အသက် ၂၀ နဲ့ ၃၀ အကြားရှိတဲ့ လူငယ်တွေက အများစု မဟုတ်လား။ သူတို့ဟာ ရန်သူ့တပ် (ဝါ) မင်းအောင်လှိုင်ရဲ့ ခါးပိုက်ဆောင်တပ်တွေထဲက တပ်ဗိုလ်တပ်သားတွေထက် တိုက်စိတ်ခိုက်စိတ်နဲ့ သတ္တိအရာမှာ နှိုင်းယှဉ်လို့မရအောင် အပုံကြီးသာတယ်၊ အပုံကြီးကွာ တယ် မဟုတ်လား။ သတင်းစာထဲကနေ ဒံပေါက်တွေ၊ ထောပတ်ထမင်းတွေ၊ စာတိုစာရှည်တွေ ဘယ်လိုပဲပို့ပို့ရေးရေး သူတို့တိုက်စိတ်ခိုက်စိတ်ဟာ တက်ကြွမလာဘဲ တိုက်တိုင်းရှုံးနေတယ် မဟုတ်ပါလား။ အစုလိုက်အပြုံလိုက် ထွက်ပြေး ကြတယ်၊ တပ်ဖွဲ့လိုက် လက်နက်ချနေကြတယ် မဟုတ်ပါလား။ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသက တိုက်ပွဲတွေမှာ အဖမ်းဆီးခံရတဲ့ လက်နက်ချလာကြတဲ့သူတွေထဲမှာ “ဗိုလ်မှူးချုပ်အဆင့်” ရှိတဲ့ အရာရှိ ၆ယောက် ပါရှိလာတယ် မဟုတ်ပါလား။

တချိန်က မြပုခက်ကျော်လှိုင်ဟာလည်း ယနေ့ နွေဦးတော်လှန်ရေးထဲက လူငယ်တွေနည်းတူ အင်မတန် ဖျတ် လတ်ပြီး တိုက်ရည်ခိုက်ရည်ကောင်းမွန်သူ လူငယ်တစ်ယောက်ဖြစ်တယ်ဆိုတာကို ကရင့်တော်လှန်ရေးသမိုင်းစာအုပ် တွေထဲမှာ ဖတ်ရဖူးပါတယ်။ မြပုခက်ကျော်လှိုင် ကရင့်တော်လှန်ရေးထဲရောက်တော့ အသက်က ၁၆နှစ်ပင် မပြည့်သေး ပါဘူး။

မြပုခက်ကျော်လှိုင်ကို ၁၉၃၃ခုနှစ်၊ ဧပြီလမှာ ညောင်တုန်းမြို့နယ်အရှေ့ဖက် စွန်တနီးရွာမှာ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၅ယောက်အနက် အငယ်ဆုံးဖြစ်ပါတယ်။

သူဟာ ဗိုလ်တင်ဦး (ဖူးတာအယ်) ရဲ့ KNDO တပ်မှာ ၁၉၄၉ ခုနှစ် ကရင့်တော်လှန်ရေး စတင်ချိန်ကာလမှာ သာမန်တပ်သားကလေးဘဝကနေ စတင်တာဝန်ထမ်းခဲ့ပြီး တဇင်ရေကျော်ရွာအနီးက အလစ်အငိုက်တိုက်ပွဲမှာ ကျဆုံး သွားရတာပါ။ ကျဆုံးတဲ့အချိန်မှာ တပ်ရင်းမှူး၊ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးထဲ စတင်ဝင်ရောက်ချိန်မှာ တိုက်ခိုက်ရေးတာဝန်တွေ ထမ်းဆောင်ရတာ မဟုတ်သေးဘဲ ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငါးခြောက် စတဲ့ရိက္ခာတွေနဲ့ လက်နက်ခဲယမ်းတွေ သယ်ပို့ပေးရတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တာပါ။ သူနဲ့တွဲဖက်ညီသူတွေကတော့ သောင်စုရွာမှ မောင်ဇံ၊ ညောင်ရွာမှ မောင်ဖူး၊ အမြောင်းမှ အောင်ထွန်းတို့ ဖြစ်ပါသတဲ့။

အင်းစိန်ကို လက်လွှတ်ရပြီးနောက် ဗိုလ်ကျော်လှိုင်ဟာ ဗိုလ်တင်ဦး(ဖူးတာအယ်)နဲ့အတူ ထက်ကြပ်မကွာ လိုက်ပါလျက် မြစ်ဝကျွန်းပေါ်နယ်တစ်ကြော ကရင့်တော်လှန်ရေးတိုက်ပွဲတွေမှာ ပြောင်မြောက်စွာ ပါဝင်ဆင်နွှဲခဲ့ပါ တယ်။ သူနဲ့အတူ ထူးချွန်ထက်မြက်တဲ့ တပ်မှူးငယ်များကတော့ ဗိုလ်မောင်ဇံ၊ ဗိုလ်မောင်ဖူး၊ ဗိုလ်စံလင်း၊ ဗိုလ်အောင် ထူးတို့ ဖြစ်ပါတယ်။

၁၉၅၁-၅၂ခုနှစ်ကာလ ကန်ကြီးဒေါင့် ကြခတ်ကွင်းတိုက်ပွဲ၊ မြွေဟောက်နှင့် လောင်းတိုင်းတိုက်ပွဲတို့ဟာ ရန်သူ့ ဘက်က လက်နက်ကြီးများ၊ သံချပ်ကာကားများဖြင့် တိုက်ခိုက်တဲ့တိုက်ပွဲများဖြစ်ပြီး ထိုတိုက်ပွဲကြီးတွေကို ဗိုလ်ကျော် လှိုင်တို့က အနိုင်တိုက်ခဲ့ကြတာပါ။ ၁၉၅၃ခုနှစ်က မြောင်းမြ၊ တစ်တီတူးတိုက်ပွဲဟာ အင်အားတောင့်တင်းတဲ့ ရန်သူ့စစ် စခန်းကို တိုက်ခိုက်ကာ မြောင်းမြမြို့ကို သိမ်းပိုက်ရရှိတဲ့တိုက်ပွဲ ဖြစ်ပါတယ်။ အိမ်မဲမြို့ကို ဝင်ရောက် စီးနင်းကာ သိမ်း ပိုက်နိုင်ခဲ့ကြပါတယ်။ ပန်းတနော်နယ် ဆယ့်နှစ်ရွာတွင် ဆားသင်္ဘောကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ငွေကြေးများ သိမ်းပိုက်ကာ တော်လှန်ရေးအတွက် လိုအပ်သော စားရိတ်ကို ဖြည့်တင်းနိုင်ခဲ့ကြပါတယ်။

ထို့အပြင် ထိုစဉ်က တော်လှန်ရေးတိုက်ဖော်တိုက်ဖက်များဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၊ အလံနီပါ တီတို့နဲ့ ပူးတွဲစစ်ရေးတိုက်ပွဲများ တွံတေးတောကြီးတန်းနယ်မြေမှာ ဖော်ဆောင်ခဲ့ကြပါတယ်။ တွံတေးတောကြီးတန်း ဧရိယာတွင် ပြောက်ကျားဒေသဖော်ဆောင်ရင်း သန်လျင်မြို့ကို စီးနင်းသိမ်းပိုက်ကာ တော်လှန်ရေးအတွက် လိုအပ် သော လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ ငွေကြေးများ သိမ်းပိုက်ရရှိခဲ့ကြပါတယ်။ သံလျင်မြို့ကို စီးနင်းစဉ်က ဗိုလ်ကျော် လှိုင်တို့ တပ်ဖွဲ့အင်အားဟာ လူ ၂၀သာ ပါဝင်ပါတယ်။

(ဖဆပလ)အစိုးရက ကရင့်တော်လှန်ရေးကို ချေမှုန်းဖို့ မေဂျာဘလိတ် (ခ) ဗိုလ်မှူးချုပ်သိန်းမောင်ကို ဦးစီးစေ ပြီး ၁၉၅၂ခုနှစ်၊ ဇွန်လ ၁၂ရက်နေ့မှာ စတင်ခဲ့ပါတယ်။ မေဂျာဘလိတ်ထိုးစစ်ကို ဗိုလ်ကျော်လှိုင်တို့တပ်ရင်း(၁)နဲ့ အလံနီ ပါတီတပ်များက ပူးပေါင်းရိုက်ချိုးခဲ့ကြပါတယ်။ ရက်ပေါင်း ၂၇ရက်အတွင်း ထိတွေ့တိုက်ပွဲပေါင်း ၁၂၀ကျော် ဖြစ်ပွားက အပြင်းအထန် တိုက်ခိုက်ခဲ့ကြရတာပါ။ ဒီတိုက်ပွဲမှာ ရန်သူ့ဘက်က ၂၀၀ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ သွားပါတယ်။ မိမိတို့ဘက်ကလည်း ၂၀ကျော်ကျဆုံးပြီး အဲဒီအထဲမှာ တပ်စုမှူးအဆင့် ၄ယောက် ပါဝင်ပါတယ်။

ဗိုလ်ကျော်လှိုင်ဟာ တပ်ရင်း(၁) တပ်ရင်းမှူးဖြစ်လာပြီးနောက် ၁၉၅၈ခုနှစ်မှ ၁၉၆၀ခုနှစ်အတွင်း ထိုးစစ်ဆင် လာတဲ့ ဗိုလ်နေဝင်းရဲ့ တာကပေါစစ်ဆင်ရေးကို သူကိုယ်တိုင်ဦးစီးကာ တိုက်ခိုက်ရိုက်ချိုးနိုင်ခဲ့ပါတယ်။

တာကပေါမိကျောင်းခြံ တိုက်ပွဲမှာ ဗိုလ်ကျော်လှိုင် ညာဘက်ပေါင်ကျိုးသွားပါတယ်။ ဒေါက်တာခင်မောင်က ငွေချောင်းတွေနဲ့ အရိုးကိုဆက်ပေးခဲ့သော်လည်း ခြေထောက်မှာ ဆန့်၍ ကွေး၍ မရတော့ပါ။ ဒဏ်ရာမပျောက်ခင်မှာ ပုခက်ဖြင့် တိုက်ပွဲများကို ဦးစီးကွပ်ကဲခဲ့ရတဲ့အတွက် “မြပုခက်”ဆိုတဲ့အမည်ကို သူ ရရှိလာပါတယ်။

မြပုခက်ဗိုလ်ကျော်လှိုင် ဆင်နွှဲခဲ့သော တိုက်ပွဲများအနက် တွံတေး သုံးထပ်တော ဒညင်းခြံတိုက်ပွဲ၊ မောလေး ညောင်ဝိုင်းကြီးတိုက်ပွဲ၊ အရွှဲအမြောင်းတိုက်ပွဲ၊ ညောင်တုန်းပါလက် ကြက်တူရွေးတောင်တိုက်ပွဲ၊ ဝါးတောကျင်ဖော် တိုက်ပွဲ၊ တဇင် ရေကျော်တိုက်ပွဲတွေဟာ တိုက်ပွဲကြီးများဖြစ်ပါတယ်။

ဗိုလ်နေဝင်းရဲ့တာကပေါထိုးစစ်ပြီးတဲ့နောက် ဗိုလ်ကျော်လှိုင်ဟာ ၁၉၆၅ခုနှစ်မှာ ညောင်ဝိုင်းကြီးရွာသူ နော်ခင်လှ(နော်စေးလေ)နဲ့ အိမ်ထောင်ကျပါတယ်။ ရန်သူ့စစ်တပ်ဟာ ထိုစဉ်ကတည်းက တော်လှန်ရေးသမားတွေရဲ့ မိသားစုဝင်တွေကိုပါ အငြိုးတကြီးနဲ့ ဖမ်းဆီးထောင်ချနှိပ်စက်တာပါ။ ဗိုလ်ကျော်လှိုင်ရဲ့ယောက္ခမ ဒေါ်စောမြိုင်၊ အစ်မ ကြီးနော်ပန်းကုံးနှင့် နော်အဂေါတို့ မအူပင်ထောင်မှာ ဖမ်းဆီးခံကြရပြီး အစ်မငယ် နော်စောစိန်မှာ ကိုယ်ဝန်အရင့်အမာ ကြီးနဲ့ ညောင်တုန်းအချုပ်ထဲမှာ အဖမ်းခံရပါတယ်။ အချုပ်ခန်းတွင်းမှာပင် ကလေးကိုမွေးခဲ့ရပြီး ထိုကလေးငယ်လည်း ညောင်တုန်းအချုပ်ခန်းအတွင်းမှာ ဖျားနာပြီး သေဆုံးခဲ့ရပါတယ်။ အစ်မကြီး နော်ပန်းကုံးလည်း မအူပင်ထောင်တွင်းမှာ ကွယ်လွန်ခဲ့ရပါတယ်။

၁၉၆၇ခုနှစ် ဧပြီလမှာတော့ သူ့အား လိုက်လံစောင့်ရှောက်နေသော အစ်ကိုဖြစ်သူ လူပျိုကြီး စောရွှေစောဟာ မြွေကိုက်ခံရသဖြင့် ကွယ်လွန်ပါတယ်။ သူ့အစ်ကို အသုဘချပြီးနောက် နှစ်ရက်အကြာ တံဇင်ရေကျော်ရွာသားများနှင့် အစိုးရစစ်တပ်မှ လက်ဖြောင့်တပ်သားတို့ ပူးပေါင်းလုပ်ကြံမှုကြောင့် တံဇင်ရေကျော်ရွာစပ် ရေကန်အနီးမှာ မြပုခက် ဗိုလ်ကျော်လှိုင်တစ်ယောက် ကျဆုံးရပါတယ်။

မြပုခက်ဗိုလ်ကျော်လှိုင် ကျဆုံးစဉ်မှာ သူ့အသက်ဟာ ၃၃နှစ် ၃၄နှစ်သာသာအရွယ်သာ ရှိပါသေးတယ်။ သူဟာ သူမြတ်နိုးတဲ့ ကရင်လူမျိုး အပါအဝင် အဖိနှိပ်ခံ လူမျိုးစုံ တိုင်းရင်းသားပြည်သူများအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ပြီ။ ၁၆နှစ်သားအရွယ် သာမန်ရဲဘော်ကလေးဘဝမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တော်လှန်ရေးတာဝန်များကို ရဲဝံ့ပြောင်မြောက် ပြတ်သားစွာထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်မှူးကြီးစောကျော်လှိုင် (ခ) မြပုခက်ကျော်လှိုင်ကို ကရင့် တော်လှန်ရေး စိန်ရတုအခါသမယမှာ ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။

နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးကောင်းတိုက်ခိုက်ရေးကောင်းတဲ့ မျိုးဆက်သစ်မြပုခက်တွေ အမြောက်အများ ပေါ်ထွန်းလာနိုင်ပါစေသတည်း။

(ဤဆောင်းပါးပါ အချက်အလက်များကို “ကရင့်တော်လှန်ရေးဒုတိယလမ်းစဉ် နိုင်ငံရေးဖြတ်သန်းမှု” စာအုပ် ကနေ ရယူပါတယ်)

Most read this week

May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...