ရသေ့တောင်မြို့ပေါ်မှအပတစ်နယ်လုံး စစ်ကောင်စီကင်းစင်နယ်မြေအဖြစ်ရောက်ရှိ

ရသေ့တောင်မြို့ပေါ်မှအပတစ်နယ်လုံး စစ်ကောင်စီကင်းစင်နယ်မြေအဖြစ်ရောက်ရှိ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်တပ်စခန်းအများအပြားရှိရာမှ  နောက်ဆုံး လက်ကျန် စခန်း ၂ခုဖြစ်သည့် ထီးစွဲဗျူဟာနှင့် ဆောက်ခတ်စစ်စခန်းများသည်လည်း ယမန်နေ့က တပ်ရုတ် သိမ်းစွန့်ခွာသွားကြပြီဟု သိရသည်။

ဒေသခံတစ်ဦးက “ မနေ့က ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီမှာ ဇက်ရေယာဉ်နှစ်စီးနဲ့ ထီးစွဲကနေ လာယူသွားတယ်။ ဇက်တွေက ပြန်အထွက်မှာ ချောင်း၀မှာရှိတဲ့ မင်းကျွန်းကို စက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ပြီး စစ်သားတွေကို တင်ယူသွားတယ်။ ရသေ့တောင် တပ်ရင်းတွေမှာ တပ်ပေါင်းတယ်လို့ကြားပါတယ်” ဟု ပြောသည်။

အဆိုပါ ထီးစွဲဗျူဟာသည် ထီးစွဲရွာနှင့် စစ်သားအချို့သည် ဆောက်ခတ်ရွာတွင်  ၂၀၁၉ ခုနှစ်က တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး အင်အား၂၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်တွင် ရသေ့တောင်ဗျူဟာ၊ ရေစိုးချောင်းဗျူဟာနှင့် ထီးစွဲဗျူဟာ ၃ ခုရှိပြီး ရေစိုးချောင်းဗျူဟာမှာ ယခုလ ၁၃ ရက်နေ့ကတည်းက စခန်းကို စွန့်ခွာသွားခဲ့ပြီး အနီးအနားရှိ မညှင်းတောင်စခန်းတွင် သွားရောက်ပူးပေါင်းနေစဉ်  ယမန်နေ့ ဇန်နဝါရီ ၁၅ ရက် နံနက်က  ရက္ခိုင့်တပ်တော်က ဝင်တိုက်၍ တပ်ပျက်သွားကာ စစ်သား ၁၂၀ ကျော် အေအေထံ လက်နက်ချသွားခဲ့သည်။

ကျန် စစ်သား ၇၀ ကျော်ကို ဇက်ရေယာဉ်နှစ်စီးဖြင့် ရသေ့တောင်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

“ ထီးစွဲဗျူဟာနဲ့ ဒီရေစိုးချောင်းဗျူဟာက သိပ်မဝေးဘူး။ နီးနီးလေး။ မနေ့က အေအေနဲ့ ရေစိုးချောင်းဗျူဟာက စခန်းစွန့်လာတဲ့ စစ်သားတွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ သူတို့ကို ယူဆောင်ဖို့  ဇက်ရေယာဉ် ၄ စီး မေယုမြစ်ကြောင်း အတိုင်း တက်လာတယ်။ ဇက် ၂ စီးက ရေစိုးချောင်း၊ မညှင်းတောင်၊ အမျက်တောင်စခန်းက လက်နက်ချပြီး လက်ကျန် စစ်သား ၇၀ ကျော်ကို တင်ခေါ်သွားတယ်။ ည ၅ နာရီခန့်မှာ ထီးစွဲဗျူဟာက စစ်သား ၂၀၀ လောက်ကို ဇက်ရေယာဉ်နှစ်စီးနဲ့ တင်ခေါ်သွားပါတယ်” ဟု ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းအများအပြားကို ယခင်က အခြေစိုက်ထားခဲ့သော်လည်း  ၎င်းစခန်းများအားလုံးမှာ ယခုအပတ်အတွင်း အားလုံး ရုတ်သိမ်းသွားကြပြီဟု သိရသည်။

အဆိုပါ စခန်းများအထဲက စေတီပြင်နယ်ခြားစောင့်စခန်းနှင့် စေတီတောင် ကုန်းပေါ်မှ စခန်း၊  စေတီပြင်-ကျောက်ပန်းတူ တောင်ကျော်လမ်းရှိ သင်္ကန်းတောင်စခန်းတို့သည် ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ကလည်းကောင်း၊ ရေစိုးချောင်းဗျူဟာ၊ အမျက်တောင်စခန်း၊ မညှင်းတောင် စစ်စခန်း၊ ဆောက်ခတ်နှင့် ထီးစွဲဗျူဟာများသည် ဇန်နဝါရီ ၁၅ ရက်နေ့ကလည်းကောင်း အသီးသီးစခန်းကို စွန့်ခွာကာ တပ်ဆုတ်သွားကြသည်ဟု သိရသည်။

လက်ရှိ ရသေ့တောင်မြို့ပေါ်တွင် ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း (၃) ရင်းသာကျန်ရှိတော့သည်ဟု သိရသည်။

ဓာတ်ပုံ- ပုံဟောင်း

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...