လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့

လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့

ဒေါ်လာ ဘီလီယံ ၁၀ ချီ တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည့် ခေတ်မှီမြို့ကြီးသည် လေကြောင်းမှ ဗုံးကြဲသည့် ဒဏ်ရာဒဏ်ချက်များနှင့် အကျည်းတန်နေလေပြီ။ ဗုံးနှင့် လက်နက်ကြီး လက်နက်ငယ်သံကြားတွင် မြို့တော် လောက်ကိုင် မပျက်မဆီး အကောင်းအတိုင်း ရရှိရေးဆိုသည့် MNDAA တပ်ဖွဲ့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။

သို့သော် လက်ရှိ အနေအထားအရ စစ်ကောင်စီတပ် အပါအ၀င် လက်အောက်ခံ BGF နှင့် ပြည်သူ့စစ် အများအပြား လက်နက်ချနေပြီး စစ်တပ်၏ ဒစကသာ ကျန်ရှိတော့ရာ MNDAA အနေဖြင့် လောက်ကိုင်မြို့ကို လာမည့် ရက်ပိုင်းအတွင်း အလုံးစုံ သိမ်းပိုက် နိုင်မည်ဟု မျှော်လင့်နိုင်သည့် အခြေအနေ ဖြစ်သည်။

သျှမ်းမြောက် စစ်မြေပြင် အနေအထား

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ TNLA၊ MNDAA၊ AA တို့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ရက် ၆၀ ကာလ အတွင်း သျှမ်းမြောက်ရှိ ကွမ်းလုံ၊ ကုန်းကြမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ်-ပန်ဆိုင်း၊ မိုင်းလုံမြို့၊ ဖောင်းဆိုင်ဒေသ တို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်နေ့တွင်မူ TNLA အနေဖြင့် ကမ္ဘာကျော် သတ္တုတွင်းမြို့ဖြစ်သည့် နမ္မတူမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဖြစ်ရာ ညီနောင် မဟာမိတ်တပ်များ အနေဖြင့် စစ်ဆင်ရေး ၆၁ ရက်မြောက်နေ့တွင် မြို့ ၁၀ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

လက်ရှိ လားရှိုး အရှေ့ဘက် မုန်းကျက်၊ မုန်းယော်ဒေသကို ညီနောင်မဟာမိတ်တပ်က ထိန်းချုပ်ထားပြီး TNLA အနေဖြင့် လားရှိုးမြို့၏ နောက်ကျောဟု ဆိုရမည့် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံ ဒေသကို တိုက်ခိုက် သိမ်းပိုက်ထားသည်ကို တွေ့ရသည်။  သို့ဖြစ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရမခ အခြေစိုက်ရာ စစ်ကောင်စီတပ်၏ အခြေမဏ္ဍိုင် ဖြစ်သည့် မြို့တော် လားရှိုးသည် မဟာဗျူဟာအရ ၀ိုင်းပတ်ခံထားရသည့် အနေအထား ဖြစ်သည်။

ထို့အတူ လားရှိုး-သီပေါ-ကျောက်မဲ လမ်းမကြီးကို ညီနောင်မဟာမိတ်တပ်များ ဖြတ်တောက် ထိမ်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး TNLA နှင့် MDY PDF အနေဖြင့် ‌ဂုတ်တွင်းနှင့်  နောင်ချိုမှသည် မိုးကုတ်ဒေသ တဝိုက်အထိ စိုးမိုးထားပြီး ဖြစ်သည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်တံတား စစ်တပ်စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ပြီး လားရှိုး-မူဆယ် လမ်းမ ထိန်းချုပ်မှု ပိုမိုခိုင်မာစေခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် စစ်ရေးအရ အရေးပါသည့် သိန္နီ ဒေသကို ထိန်းချုပ် ဖြတ်တောက်ကာ ကွမ်းလုံဒေသကို သိမ်းယူထားသည်ဖြစ်ရာ တာမိုးညဲဒေသကဲ့သို့ အတွင်းပိုင်းရှိ စစ်ကောင်စီတပ်များကို အထီးကျန် စေပြီး တိုက်ခိုက် သိမ်းပိုက်ထားနိုင်သည့် အနေအထား ဖြစ်သည်။

လက်ရှိ UWSA ထိမ်းချုပ်ထားသည့် မိုင်းမော၊ နာဝီးဒေသနှင့် MNDAA ထိန်းချုပ်ထားသည့် ကွန်းလုံ၊ ချင်းရွှေဟော်ကြား သံလွင်မြစ် အရှေ့ခြမ်း ဟိုပန်၊ ပန်လုံဒေသတွင် စစ်ကောင်စီတပ်များ ကျန်ရှိနေသေးသော်လည်း ပိတ်မိနေသည့် အနေအထားဖြစ်ရာ အချိန်မရွေး ခြေမှုန်းခံရမည့် အခြေအနေ ရင်ဆိုင်နေရသည်ကို တွေ့ရသည်။

စစ်မြေပြင် အထားကို ခြုံ၍ သုံးသပ်ပါက MNDAA အနေဖြင့် လောက်ကိုင်မြို့ကို မကြာမီ သိမ်းပိုက်နိုင်မည် ဖြစ်ပြီး လောက်ကိုင်ဒေသကို ရှင်းလင်းပြီးပါက မူဆယ်မြို့နှင့် လားရှိုးမြို့ကို တပြိုင်နက် တိုက်ခိုက် သိမ်းပိုက်မည် ဖြစ်သည်။

ညီနောင်မဟာမိတ်တပ်များ၏ အနေအထား

နီးစပ်သူ တစ်ဦး၏ အဆိုအရ ညီနောင်မဟာမိတ်တပ် အင်အား နှစ်သောင်းကျော်ရှိပြီး စစ်ပွဲအတွင်း KIA ၊ BPLA ၊ KNDF ၊ MDY PDF နှင့် အခြားတော်လှန်ရေး တပ်ဖွဲ့များ ၀င်ရောက် တိုက်ခိုက်နေသည်ဖြစ်ရာ စုစုပေါင်း အင်အား သုံးသောင်းကျော် ရှိသည်ဟု ဆိုရမည်။

စစ်ဆင်ရေး စတင်စဥ်က တပ်အင်အား၏ ၂၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ပြီး လက်ရှိ တပ်အင်အား၏ ၃၀ ရာခိုင်နှုန်းအထိ အသုံးပြုတိုက်ခိုက်နေသည်ဟု ဆိုသည်။

သို့ဖြစ်ရာ ညီနောင်မဟာမိတ်တပ်များ အနေဖြင့် တိုက်ပွဲ၀င်တပ်များ အနားပေးရန် အင်အား အလုံအလောက် ရှိနေဆဲဖြစ်ပြီး ထိုးစစ်အရှိန် ကျမသွားရန် ထိန်းထားနိုင်သည့် အနေအထား ဖြစ်သည်။

ထို့အတူ သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်၏ အခြေ မဏ္ဍိုင် ဖြစ်သည့် လားရှိုးမြို့ကို မဟာဗျူဟာမြောက် ၀ိုင်းပတ်ထားပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီဟု ယူဆနိုင်သည် ဖြစ်ရာ သျှမ်းမြောက် တစ်ခုလုံး သိမ်းပိုက်နိုင်ရေး လက်တကမ်းအလိုဟု ဆိုရမည်သာ ဖြစ်သည်။

သို့သော် စစ်ရပ်စဲရေး တရုတ်နိုင်ငံ၏ ဖိအားသည် ကြီးမားလှသည်ဖြစ်ရာ ညီနောင်မဟာမိတ်တပ်များ အနေဖြင့် အခြားသော ထွက်ပေါက် တစ်ခု ရှာရမည်ကဲ့သို့ ကြုံတွေ့နေရပြီ ဖြစ်သည်။

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် ယူဆချက်များသည် စာရေးသူ၏ အာဘော်သာ ဖြစ်သည်)

Most read this week

May 10, 2024
မြစ်ကြီးနား-ဝိုင်းမော်ဆက်သွယ်ထားတဲ့ ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားရှိ စုပေါင်းစစ်ဆေးရေးဂိတ်ကို...
May 9, 2024
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ ( 7 EAO Alliance)  ...
May 8, 2024
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူရွာတွင် နေထိုင်သည့် ဒေသခံ ၉...
May 7, 2024
သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ...