နမ့်ခမ်းမြို့ကို စစ်တပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ

နမ့်ခမ်းမြို့ကို စစ်တပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ

သျှမ်းပြည် နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်မှလေယာဉ်ဖြင့် လာရောက်ဗုံးကြဲချမည်ကိုစိုးရိမ်၍ စစ်ဘေးရှောင်များက နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို  တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ သိမ်းပိုက်ထားနိုင်ပြီးသကဲ့သို့ မြို့ကိုလည်း အလုံစုံ ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားပြီးနောက် အဆိုပါမြို့တွင်းတိုက်ပွဲမှာ ငြိမ်သက် သွားခဲ့သည်။

ယင်းကဲ့သို့ မြို့တွင်းတိုက်ပွဲငြိမ်သက်သွားပြီးနောက် စစ်ဘေးရှောင်များသည် တိုက်ပွဲကြား ပျက်စီးသွားသည့် မိမိနေရပ်အိုးအိမ်ကို ပြန်လည်ရှုကြည့်ရန် နေရပ်ပြန်သွားကြပြီး ပြန်လည် အခြေချနေထိုင်ဖို့ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရသေးကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“အခုကဘာကိုကြောက်နေရလဲဆိုတော့ လောက်ကိုင်လိုမျိုး  စစ်တပ်ကလက်နက်ကြီး၊ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို ကြောက်နေရတယ်။ သူတို့ရမ်းသမ်းပစ်မှာကို ကြောက်တာ။ အခုဘယ်သူမှ အိမ်မှာမနေရဲဘူး။ လူငယ်တွေကော၊ လူကြီးတွေကာ အားလုံးက တရုတ်ပြည်ဘက် ကို ပြေးပြီး ဝမ်းရေးအတွက် ရှာဖွေစားသောက်နေရတာ။ အများကြီးမရပေမယ့် နေလို့တော့ရတာပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိတွင် နမ့်ခမ်းမြို့တွင်း နေရပ်ပြန်သွားသည့် စစ်ဘေးရှောင် ဦးရေမှာ ၄ ပုံသာ ၁ ပုံသာရှိပြီး လူသူကင်းမဲ့နေသဖြင့် မြို့ပျက်တစ်ခုလို ဖြစ်နေကြောင်း ၎င်းကဆက်ပြောသည်။

တစ်ဖက်တွင် နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားသည့် တအာင်းတပ်ဖွဲ့ TNLA၏ တပ်သားများကလည်း ပြည်သူနေအိမ်အတွင်း ဝင်ရောက်တဲခိုနေထိုင်မှု ပြုလုပ်နေကြောင်း နေရပ်ပြန်သွားကြည့်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့အခုပြန်လာတာတော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် TNLAစစ်သားတွေတော့ ရှိနေတယ်။ ပြည်သူနေအိမ်ထဲမှာနေတာရှိတယ်။ ရွာတွေဘက်မှာလည်းသူတို့နေနေတာရှိတယ်။ လူထုနေအိမ်ထဲမှာအများကြီးရှိနေတယ်။ အရင်ကတော့ သူတို့ရွာသားတွေ နေအိမ်ထဲမှာ ဝင်နေတာ။ အခုစစ်သားတွေ နေအိမ်ထဲမှာ ဝင်နေရင် လာတိုင်ဖို့သူတို့ပြောတာပဲ”ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အများစုသည် လက်ရှိတွင် နေရပ်ပြန်လာဖို့ထက် ဘေးလွတ်ကင်းရာ အခြားဒေသဖြစ်သည့် မန္တလေး၊ တရုတ်နိုင်ငံဘက်သို့ ထပ်မံရွှေ့ပြောင်းသွားကြကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော် ကာလအတွင်း တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ ပြည်သူ ၁၂ ဦး သေဆုံးသွားခဲ့ပြီး ၂၆ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် တအာင်းတပ်ဖွဲ့ TNLAတပ်ဖွဲ့မှ နမ့်ခမ်းမြို့တွင်း နေထိုင်သူ ပြည်သူဦးရေစာရင်းနှင့် နေအိမ်စာရင်းကို လိုက်လံကောက်ခံ လျက်ရှိသည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...